Thursday, October 13, 2011

ကျွန်တော်နဲ့နွေဦးပေါက်ငှက်ငယ်

နွေဦးပေါက်ဟာ ပူစပ်ပူလောင်နဲ့ ပျင်းစရာကောင်းလှတယ်လို့ အဘွားက ခန ခနပြောပါတယ်။ ကျွန်တော်တို့ကလေးတွေက အဘွားရှေ့မှာဘာမှမပြောပေမဲ့ နောက်ကွယ်မှာတော့ အဘွားကိုလှောင်ကြတယ်၊ ဟုတ်တယ်လေ.. နွေးဦးကာလရဲ့ လွပ်လပ်ပျော်ရွှင်မှုမျိုးကို ကျွန်တော်တို့စောင့်နေရတာ နှစ်နဲ့ချီတော့မှာဘဲ.. ကျောင်းသားဘ၀ရဲ့ငြီးငွေ့ဖွယ်ဘ၀ကို ဒီအချိန်လေးနဲ့ဘဲနှစ်သိမ့်နေရတာ။ အမေရဲ့ “ဟဲ့ကောင်လေး ထတော့ နေကဖင်ထိုးနေပြီ” ဆိုတဲ့အသံကိုလည်း မကြားရတော့ဘူး..
နံက်တိုင်းကြားနေကြ ခြုံလျှောက်ငှက်ကလေးရဲ့ တတစ်တစ်မြည်သံကို ဒီမနက်မှ ဘာလို့ပေါ်မလာတာလဲတွေးမိတယ်။ မနေ့က အကိုဆင်ပေးထားတဲ့လေးခွလေးက ကျွန်တော့ဘေးမှာ အသင့်နေရာယူနေတယ်.. ဆွဲကြည့်တော့ နဲနဲသန်နေသလိုဘဲ.. တစ်ပတ်လောက်နေရင်တော့ အတော်ဖြစ်သွားမှာဘဲထင်တယ်..အဘွားက သူ့ဘူးစင်ကိုရေလောင်းနေတယ်.. အညွန့်တွေတလူလူနဲ့ ဗူးစင်က အဘွားကိုပီတိပြုံးတွေပေးနေတာလို့ အမေကပြောဖူးပါတယ်.. ဘာလဲတော့ကျွန်တော်မသိဘူး။ ခါးကိုင်းနေတဲ့အဘွားကိုကြည့်ရတာ တခါတလေကျွန်တော်စိတ်ပျက်တယ်၊ ပြီးတော့သူနဲ့လမ်းလျှောက်ရင်လည်း စိတ်မရှည်ဘူး။ ဒါပေမဲ့အဘွားက သူမြေးတွေမသိအောင် ကျွန်တော့်ကို ပိုက်ဆံတိတ်တိတ်ကလေး ပေးတတ်တာတော့ချစ်စရာလေးပါ… အကိုကအဘွားကိုနင်းမပေးချင်ဘူးလေ.. သူက အားရင် သူ့ခေါင်းကိုဘဲမှန်တကြည့်ကြည့်နဲ့ “သ” နေတတ်တာ.. သူကလူပျိုပေါက်ဖြစ်နေပြီတဲ့.. ကျွန်တော်တို့လို လေးခွလဲ မကိုင်တော့ဘူး..

“ကျောင်းပိတ်လိုက်တာနဲ့သိသာလိုက်တာနော် ရွာထဲမှာကလေးတွေအသံချည်းဘဲကြားနေရတာ”. ဘေးနားအိမ်က ဒေါ်ဘုမက စိတ်ညစ်သလိုပြောတယ်။ကလေးတွေကိုဆိုရင် အမြဲမြည်တွန်တောက်တီးတတ်တဲ့ သူ့ကို ကျွန်တော်တို့တတွေ လေးခွကိုယ်စီနဲ့ ညတညမှာချောင်းပစ်ခဲ့ဖူးတယ်။ တော်တော်နားသွားပုံဘဲဗျ.. အမလေးအော်ပြီး သူကြီး ကိုပြေးတိုင်တော့တာဘဲ.. ကျွန်တော်တို့လည်း ခပ်တည်တည်နဲ့ လူစုခွဲပြီး ကိုယ့်အိမ်ကို ပြန်နေလိုက်တယ်..
ရယ်စရာဘဲနော်.. လက်သည်မပေါ်လိုက်ဘူးဗျ ဘယ်သူပစ်တယ်ဆိုတာ၊ သူကလည်း သူ့ကိုလေးခွနဲ့ပစ်တာ ကလေးတွေလို့မထင်လိုက်ဘူးလေ။ ဒါပေမဲ့ အဖေကသိတယ်။ ကျွန်တော့်ကို အိမ်ပေါ်ခေါ်ပြီးအသာကပ်မေးတော့တာဘဲ။ အတိအကျ သိထာတဲ့ပုံစံဆိုတော့ ခေါင်းညိတ်ရတယ်၊ ကျွန်တော်တော့ အတီးခံရတော့မယ်ထင်ထားခဲ့တာ။ နောက်မလုပ်တော့နဲ့နော်ဆိုတာဘဲ ပြောတယ်..ကျွန်တော်ကသာကြောက်နေမိတာပါ.. အဖေက သူ့သားတွေကို တခါမှ မရိုက်တာ ရွာထဲကလူတိုင်းသိတယ်၊ အဖေ့ကိုကျွန်တော်ချစ်ပါတယ်. ဒါပေမဲ့ လေးခွကိုင်တာမကြိုက်တဲ့အဖေ့ကိုမုန်းချင်တယ်..

ဗူးစင်ပေါ်မှာတလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတဲ့စာဝတီးငှက်ကလေးကိုကျွန်တော်ချောင်းနေတာကြာပြီ… ကောက်ရိုးတွေခေါက်ပြန်သယ်ပြီး သိုက်မြုံဆောက်နေကြတာ..လေးခွကိုင်ထားတဲ့ကျွန်တော့်လက်တွေက ပစ်ချင်တာယားနေပြီ.. ဘာဆက်ဖြစ်မလဲဆိုတာလည်း ကြည့်နေချင်သေးတယ်.. မမောနိုင်မပန်းနိုင် အသိုက်ဆောက်နေတဲ့ ငှက်မောင်နံကိုချောင်းကြည့်နေတာဘယ်လောက်ကြာသွားလဲမသိဘူး.. အမေထမင်းစားလာခေါ်မှ သတိယတယ်။ထမင်းဝိုင်းမှာ အဖေက မထင်မှတ်တဲ့စကားပြောတယ်.. “ငါ့သား ငှက်ကလေးတွေကိုသွားမပစ်နဲ့နော် သူတို့လည်း သူတို့သား သမီးတွေအတွက်အိမ်ဆောက်နေကြတာ “..
ကျွန်တော်လုပ်သမျှ အရာအားလုံးကို အဖေကကြိုသိနေပါလားတွေးမိတယ်။ ညနေခင်းမှာ ဗူးစင်ဘေး ခုံတန်းလေးတခုချပြီး အိမ်သားတွေ စကားဝိုင်းကောင်းနေကြတယ်။ မှတ်မှတ်ရရ အဖေက သနားစရာငှက်ကလေးတွေအကြောင်းပုံပြင်တပုဒ်ကျွန်တော့်ကိုပြောပြတယ်။ အိမ်ဘေးနားက သူငယ်ချင်း ပွရီးနဲ့ ရတနာလည်းပါတယ်။ ပုံပြင်လေးကသနားစရာပါ။ သနားစရာလေးနော်လို့ ရတနာက ခနခနပြောတယ်။ ပွရီးကလည်း ဟုတ်တယ်လို့ပြောတယ်။ ပြန်ခါနီးကျတော့ရတနာက ဆရာကြီးစတိုင်လ်နဲ့ နင် ငှက်ကလေးတွေကို လေးခွနဲ့မပစ်သင့်တော့ဘူး လို့ပြောတယ်.. ကျွန်တော်က နဘန်ကျင်းမယ်ပြင်မှ လျှာထုပ်ပြပြီးအိမ်ထဲပြေးဝင်းသွားလေရဲ့..

နောက်မနက်မှာ မနက်အစောကြီးကထဲက ကျွန်တော်ဘူးစင်အောက်ကိုရောက်နေတယ်.. အသိုက်ကလေးက အတော်ပြီးနေပြီ.. ခနနေတော့ ပွရီးနဲ့ရတနာရောက်လာတယ်… တိတ်တိတ်နေကြနော်လို့ လက်ဟန်နဲ့ပြောမှ သူတို့သဘောပေါက်တယ်.. ကျွန်တော်တို့သုံးယောက် အလုပ်ရှုပ်နေတဲ့ ငှက်ကလေးနှစ်ကောင်ကို တမနက်ခင်းလုံးချောင်းကြည့်နေကြတယ်…လေးခွပါလားလို့ ပွရီးကမေးတော့ခေါင်းရမ်းပြမိတယ်။ တိုးတိုးပြောရင်းနဲ့အသံကကျယ်လာတယ်။ အဖေက ဖျာတချပ် လာခင်းပေးတယ်.. သုံးယောက်သား သိုက်အိမ်ဆောက်နေတဲ့ ငှက်နှစ်ကောင်ကို ဖျာပေါ်မှာ ပက်လက်လှန်ရင်း ကြည့်နေမိတယ်.. ထမင်းစားချိန်မှာ ကိုယ့်အိမ်ကိုပြန်ကြတယ်။ ပြီးတော့ပြန်ဆုံကြတယ်။ ငှက်ကလေးတွေက ကျွန်တော်တို့ကလေးတွေကို ခုအချိန်မှာ ကြောက်ရမှန်းမသိတော့ဘူး…

အဘွားက သူ့ဘူးစင်အောက်က ကလေးသုံးယောက်ကိုဘာမှမပြောဘူး.. ဘာမှလည်း မမေးဘူး.. သူ့ဘူးစင်ရိပ်မှာ ဆိုတော့ သူလည်းကျေနပ်နေပုံပါဘဲ..အခုတော့ ငှက်မက အသိုက်ထဲမှာဘဲအနေများတယ်.. ငှက်ဖိုက သလေးနှံတွေချီလာပြီး အသိုက်ထဲထိုးပေးတာမြင်ရတယ်.. ညနေခင်းမှာ အဲဒီအကြောင်းကို အဖေ့ကိုပြောမိတယ်။ သိပ်မကြာခင်မှာ ငှက်ငယ်ကလေးတွေပေါက်တော့မယ်လို့အဖေကပြောတော့ကျွန်တော်တို့ကလေးတွေးခုံပေါက်ပျော်မြူးကြတယ်…
တိတ်ဆိတ်တဲ့နံက်ခင်းကို ကျယ်လောင်တဲ့ငိုက်ရှိုက်သံနဲ့မိတ်ဆက်လိုက်ပြီထင်တယ်…
“ကိုတရုပ်ကြီးဆုံးသွားပြီတဲ့”.. မိန်းမနဲ့သမီးတွေရဲ့ငိုသံက ကမ္ဘာပျက်သံအလား ၀မ်းနဲဖို့ကောင်းလွန်းပါတယ်..
‘အငယ်ဆုံးကလေးမှ နို့မပြတ်သေးဘူး’ လို့ အမေက စိတ်မကောင်းသံနဲ့ပြောတယ်။ ‘ သား အိမ ကိုအနိုင်မကျင့်ရဘူးနော်’ လို့အမေကမှာနေလို့ခေါင်းညိတ်ရတယ်.. အိမ ဆိုက ကျွန်တော်နဲ့တတန်းထဲ ကိုတရုပ်ကြီးရဲ့သမီး.. ဒီအရွယ်ကြီးရောက်နေပြီတောင် သူ့အဖေပုခုံးပေါ်က မဆင်းလို့ ကျွန်တော်တို့ကလေးတွေက သိပ်မတည့်ကြဖူး.. .
အသုဘ ဓါတ်စက်ဖွင့်သံကိုကျွန်တော်မကြိုက်ပါဘူး.. စိတ်ထဲမှာငိုချင်တယ်.. ကြေးစည်သံကလည်း ချောက်ချားစေသလိုဘဲ.. ရွာထဲမှာကလေးတွေအရင်လိုဆူညံမနေကြတော့ဘူး.. . ကလေးတွေရဲ့ပျော်ရွှင်ဆူညံသံတွေကို သဘောကျတဲ့အဖေက နေရတာတမျိုးကြီးဘဲလို့ပြောတယ်…သုံးရက်မြောက်မှာအလောင်းကို သင်းချိုင်းသွားပို့ကြတယ်…ငိုကြီးချက်မနဲ့ အလောင်းကိုလိုက်ဆွဲနေတဲ့ ကိုတရုပ်ကြီးမိန်းမကို သူ့ဆွေမျိုးတွေကဆွဲထားရတယ်.. “ တော့် သား၊သမီးတွေကို ဘယ်သူကစောက်ရှောက်တော့မှာလဲတဲ့”..
အမေကကျွန်တော့်ကိုမလိုက်ခဲ့စေချင်ဘူး.. အဘွားနဲ့နေခဲ့တဲ့.. ဒါပေမဲ့ကျွန်တော် လူသေတွေကိုဘာလုပ်ကြမလဲ လိုက်ကြည့်ချင်နေတယ်။ ရုတ်တရက် အဖေကကျွန်တော့်ကို ကောက်ချီလိုက်တော့ အမေကဘာမှမပြောတော့ဘူး… တရွာလုံးနီးပါးလူတွေကြောင့်သင်းချိုင်းဟာ ဖုတ်အလူးလူးထနေတယ်… ငို ငြီးသံလောက ကနေ ဝေးအောင် အခြားကို အဖေနဲ့ထွက်ပြေးချင်ပါတယ်..ဆံပင်ဖားလျားချထားတဲ့မိန်းမကြီးတွေကိုကျွန်တော်မကြည့်ချင်ဘူး။
ခနနေရင် အလောင်းကိုမီးရှို့တော့မှာ… အားလုံးကစောင့်ကြည့်နေကြတယ်.. စိုက်ကြည့်နေတဲ့ကျွန်တော့်မျက်လုံးကို အဖေက သူ့လက်နဲ့လာကွယ်တဲ့.. “သားရယ် ပြန်ကြရအောင်တဲ့ “…
ညနေခင်းမှာ အဖေက ငှက်တွေအကြောင်းပုံပြင်တပုဒ် ထပ်ပြောပါတယ်.. . မိခင်ငှက်မကြီးသေပြီး သားသမီးတွေလည်း အစာငတ်ရေငတ် နဲ့ သေကြရတဲ့ ၀မ်းနဲစရာပုံပြင်ပါ…ရတနာကတရှုပ်ရှုပ်ငိုပါတယ်..
ပွရီးလည်း မကြာခင်ငိုတော့မယ်ထင်တယ်.. ကျွန်တော့်ပါးပြင်မှာစီးကျနေတဲ့ မျက်ရည်ကို အဖေက သူ့လက်နဲ့သုတ်ပေးတယ်….

နံက်ခင်းမှာ ငှက်ပေါက်ကလေးတွေရဲ့ ဆာလောင်နေတဲ့ ဆူညံသံနဲ့အတူကျွန်တော်နိုးထလာပါတယ်..ဘေးနားကလေးခွလေးကိုကြောက်ရွံ့စွာကျွန်တော် အကြာကြီး ငေးကြည့်နေမိတယ်… ဆုံးဖြတ်ချက်တခုကိုအောင်မြင်စွာချအပြီးမှာတော့ကျွန်တော့်စိတ်တွေကကြည်လင်ပေါ့ပါးလို့နေပါတယ်..

အစိတ်စိတ် ဓါးနဲ့ခုတ်ပိုင်းခံထားရတဲ့ လေးခွလေးကို အဖေကအပြုံးနဲ့ကြည့်တယ်.. ပြီးတော့ကျွန်တော့်ခေါင်းကိုအသာပွတ်ပြီး.. သားက လိမ်မာလာပြီတဲ့.. . ကျွန်တော်ဘယ်တော့မှ့ငှက်ကလေးတွေကို လေးခွနဲ့မပစ်တော့ဘူးလို့ အဖေ့ကို ထပ်ခါထပ်ခါပြောမိတယ်…
ဘူးစင်အောက်မှာ ဟိုနှစ်ယောက်ရောက်နေပြီ…. ရတနာက သလေးနှံအချို့ကျွန်တော့်ကိုပေးတယ်.. အကောင်လေးတွေပေါက်နေပြီ၊ဆာနေရော့မယ် အမြန်ကျွေးလိုက်တဲ့.. ပွရီးက သူခိုးစားနေကြ မြေပဲတောင့်တွေယူလာတယ်.. ဒုတ်တချောင်းနဲ့သလေးနှံတွေကိုချိတ်ပြီး အသိုက်ရှေ့မှာ ပို့ပေးကြတယ်..
ပြီးတော့ စိတ်ဝင်တစားနဲ့ ဖျာပေါ်မှာ ပက်လက်လှန်ရင်း ကြည်နူးစွားငေးကြည့်နေမိတော့တယ်..
သိပ်မကြာခင်မှာ ငှက်ကလေးတွေရဲ့ဆာလောင်အော်ဟစ်သံလေးတွေတိတ်သွားတော့ ကလေးသုံးယောက် တယောက်ကိုတယောက် ကြည့်ကြတယ်..အဖေကကျွန်တော်တို့ကိုကြည့်ပြီးပြုံးနေပါတယ်..လေအဝှေ့မှာ ဗူးညွန့်ကလေးတွေ လှုပ်နေကြတယ်.ညောင်ကျပ်ပင်ပေါ်က ချိုးမောင်နှံရဲ့ မြူးကူသံကိုလည်း ကြားရတယ်..

ဟီရိုရှီးမားအိပ်မက်ဆိုးရဲ့နိဒါန်း

ဟီရိုရှီးမားအိပ်မက်ဆိုးရဲ့နိဒါန်း

ဆောင်းဦးပေါက်ရဲ့ နံက်ခင်းတခုမှာ အိုင်းစတိုင်းတစ်ယောက် လေအနော့မှာ မြင့်ပင်ယံကနေ တဖွဲဖွဲဆင်းသက်နေကြတဲ့ ရော်ရွက်ဝါလေးတွေကို အိမ်ရှေ့ ၀က်သချပင်အောက်က ခွေးချေပုလေးပေါ်မှာထိုင်ရင်း ဆွေးဆွေးမြေ့မြေ့ ငေးကြည့်နေမိပါတယ်…
“ ဂလီး.. ဂလစ်.. ဂလစ်…လထစ်”
ငှက်ဆိုးတကာင်းရဲ့ ခပ်ရင့်ရင့် အော်လိုက်တဲ့အသံပါ။ ဒါဟာ ဒုတိယကမ္ဘာစစ်ရဲ့ကြေကွဲဖွယ် နမိတ်ဆိုးဆိုတာ နတ်ဘုရားတွေမှဘဲသိမယ်ထင်ပါတယ်..
ဇနီးသည် မဒမ် အိုင်းစတိုင်းတယောက် နောက်ဖေးမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေပါတယ်..သူက ခင်မွန်းသည် ဖြစ်ချင်တာတွေကိုဘဲကြည့်နေတတ်တဲ့ ဇနီးကောင်းတယောက်ပါ..
သိပ်မကြာခင်မှာ လ္ဘက်သုပ်တစ်ပန်းကန်နဲ့ ရေနွေးဓါတ်ဗူးတလုံး ဗန်းလေးထဲမှာထည့်ပြီး ခင်ပွန်းသည် အိုင်းစတိုင်းရှေ့က စားပွဲမှာလာချပါတယ်.. လေမှာလွင့်ဝဲနေတဲ့ မဒမ်ရဲ့ပတုန်းရောင်ဆံပင်တွေကိုကြည့်ပြီး အိုင်းစတိုင်းတယောက် လွန်ခဲ့တဲ့ခြောက်နှစ်လောက်က သမီးရီးစားဘ၀ကို တွေးကောင်းတွေးနေမိမယ်ထင်ပါရဲ့။ ပန်းကန်လေးကို စားပွဲပေါ်ချပြီးပြန်အထွက်မှာ မဒမ်တယောက် နောင်ဆယ်စုနှစ်ကျော်ကျော်လောက်မှာ ဖြစ်ပေါ်လာမယ့် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးရဲ့ နိဒါန်းကိုစတင်လိုက်ပါပြီ..
သူ…မဒမ်တစ်ယောက် .. အိုင်းစတိုင်း နှာဝနီးနီးမှာ လေလည် လိုက်တာပါ…
အနံ့က သိပ်ဆိုးလွန်းပါတယ်၊ ပါရမီရှင်အိုင်းစတိုင်းတောင် သည်းမခံနိုင်လောက်အောင်ဖြစ်ရတယ်လို့ဆိုပါတယ်.. ဒါပေမဲ့ အိုင်းစတိုင်းက အမြင်ကျယ်ပါတယ်…. သူ့ဒေါသကို အချိန်မှီ ပြန်ထိမ်းနိုင်ခဲ့ပါယ်..ဒါဟာ ဂျင်းတဲလ်မင်းတယောက်ရဲ့ ခပ်ပါးပါး လုပ်ရပ်လေးတခုပါဘဲ... ၀မ်းနဲစရာကောင်းတာက ဒီဖြစ်ရပ်ဟာ အိုင်းစတိုင်းရဲ့ နှလုံးအိမ်မှာ ထုတ်လို့မရအောင်ကို စွဲသွားခဲ့ပါတယ်… သူဟာ အန့်ခမန်းစွမ်းအား ဒုက္ခပေးနိုင်တဲ့ “အီး” အကြောင်းကို အဲဒီအချိန်ကစလို့ လေ့လာ ပါတော့တယ်… ရက်တွေကို လက၀ါးမြိုသွားတယ်… အိုင်းစတိုင်းတယောက် ဓါတ်ခွဲခန်းထဲမှာပါ… ရာသီတွေလည်း ချာလပတ်ရမ်းခဲ့ပြီ.. သူကတော့ အလုပ်ရှုပ်နေဆဲဘဲ..
နွေရဲ့တနေ့..
မိုးရဲ့တနေ့…
ဆောင်းရဲ့တနေ့… အခုတော့သူ့ဘ၀ဟာ သူ့ဓါတ်ခွဲခန်းလိုဖြစ်နေပါပြီ..
မဒမ်က ခင်ပွန်းသည် အိုင်းစတိုင်းကို နားမလည်နိုင်တော့ဘူး… သူမ အထီးကျန်လာသလိုခံစားရတယ်၊
ညက အိုင်းစတိုင်းတယောက်သူမနဲ့လာမအိပ်ဖူး။ ဒါတွေကသူမအဖို့ရိုးနေပါပြီ…. မောနင်းငှက်ကလေးတွေတေးသီနေတဲ့နံက်ခင်းတခုမှာ မဒမ်အိုင်းစတိုင်းတယောက် ချိနဲ့တဲ့ခြေလှမ်းတွေနဲ့ အိုင်းစတိုင်းရဲ့ ဓါတ်ခွဲခန်းဆီကိုလာခဲ့ပါတယ်…အရင်ကလို အိုင်းစတိုင်းတယောက် သူ့ ဓါတ်ခွဲခန်းစားပွဲပေါ်မှာဘဲ ခေါင်းငိုက်စိုက်ချ အိပ်ပျော်နေမှာဘဲဆိုတာသူသိပြီးသားပါ… သူ့အတွေးဟာလွဲချော်ခဲ့ပါတယ်.. သူဓါတ်ခွဲခန်းတံခါးကိုဆွဲအဖွင့်မှာ အိုင်းစတိုင်းက သူတွက်နေကျ ဘလက်ဘုတ်မှာ တခုခုရေးနေတာတွေ့လိုက်တယ်.. လက်တွေကတုန်နေပါတယ်.. မြေဖြူကိုလွတ်မကျအောင် အနိုင်နိုင် ကိုင်ထားရပုံဘဲ… ပင့်သက်တချက်ရှိုက်ပြီး အိုင်းစတိုင်း ခေါင်းရမ်းတယ်… ထပ်ပြီးရမ်းပါတယ်..
တတိယအကြိမ်ရှိနေပြီ… မဒမ်တယောက် အိုင်းစတိုင်းကိုကြည့်ပြီး ကြေကွဲစပြုနေပြီ.. နောက်ဆုံးတော့ အိုင်းစတိုင်းဟာ ဘလက်ဘုတ်မှာ အီကွေးရှင်းတခုကို ခက်ခက်ခဲခဲရေးချလိုက်ပါတယ်…ရေးပြီးပြီးချင်း အိုင်းစတိုင်းဟာ အရုပ်ကြိုးပြတ်သလို လဲကျသွားပါတယ်.. မဒမ်က အိုင်းစတိုင်းကိုပြေးပွေ့တယ်.. အိုင်းစတိုင်းတယောက် လက်ရှိလောကကနေ တဒင်ဂ ထွက်သွားခဲ့ပြီ..ကျူးမီးငါးလို့ မဒမ်မအော်ပါဘူး..
ဒါပေမဲ့ သူအဆုံးစွန်ထိကြေကွဲနေရတယ်ဆိုတာ သူမျက်ရည်တွေက သက်သေပါ… သူ မရှိုက်ပါဘူး.. ဒါပေမဲ့ အတိုင်းမဲ့စီးကျလာတဲ့နှပ်တွေက ၀မ်းနဲမှုရဲ့သင်ကေတတွေပါ… မဒမ်ရဲ့မျက်လုံးဟာ မျက်ရည်တွေနဲ့ ဝေ့၀ါးနေပါပြီ… ဘလက်ဘုတ်က စားသားတွေကိုတော့ သူသဲကွဲစွာမြင်နေရပါသေးတယ်..
“အီးအီကွဲတူ အမ်စီစကွဲယား” တဲ့….
ဒါဟာ ဒုတိယကမ္ဘာစစ် ကြေကွဲဖွယ်အရိပ်ဆိုးရဲ့ နိမိတ် ၊ ဒုတိယ နိဒါန်းတခုဘဲပေါ့..
(နိဂုံး။ ။ ဘယ်သူမှမသိလိုက်တဲ့ဖြစ်ရပ်တခုက မဒမ်အိုင်းစတိုင်းဟာ ခင်ပွန်သည်ကိုတွဲခေါ်ပြီး အပြင်ကိုအထွက်မှာ ဖြစ်ပေါ်လာခဲ့ပါသေးတယ်…လေတချက် လည်လိုက်တာပါ။ ဒါကိုအိုင်းစတိုင်းမသိလိုက်ပါဘူး.. ကျွန်တော် ကတော့ အိုင်းစတိုင်း မသိလိုက်၊ မသိလိုက်နိုင်တာကိုဘဲ ကောင်းတယ်လို့ထင်မိပါတယ်.)
မှတ်ချက်။ ။ သင့်ရဲ့ထင်မြင်ချက်ကိုလည်း ကျွန်ုပ်ဆီကိုလွပ်လပ်စွာ မေးလ်မှတဆင့်ပေးပို့စေချင်ပါတယ်။

Wednesday, September 21, 2011

Relation of Trim and Extend by Holding on Shift Key





Relation of Trim and Extend by holding on Shift Key
Trim နဲ့ Extend Command တို့ရဲ့အလည်မှာ Shift Key ကိုဖိထားပြီး အပြန်အလှန်အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ Drawing Time Limit ကို လျှော့ချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်..

ပုံမှာ D နဲ့ E Line နှစ်ကြောင်းကို C Line အထိ Extend လုပ်ပြီး A နဲ့ B ကြားက Line နှစ်ကြောင်းကို
Trim ချင်ပါတယ်။ Trim နဲ့ အရင်ပြုလုပ်ကြမယ်..
(၁) TR Enter, Enter ( Enter နှစ်ချက်ဆက်ခေါက်ပြီး အားလုံးကို Cutting Edge အဖြစ်သတ်မှတ်
လိုက်ပါတယ်..
(၂) D, E Line ရဲ့ Trim ချင်တဲ့ A နဲ့ B ကြားကို Select လုပ်ပါမယ်…
(၃) Shift Key ကို ဖိထားပြီး C အထိ Extend လုပ်ချင်တဲ့ D , E ကို Select ထပ်ပေးပါမယ်။
TR Enter, Enter>Select object you want to trim>Shift + Select object you want to extend
Extend နဲ့ ပြန်လုပ်ကြည့်မယ်…
(၁) Ex Enter, Enter ( အားလုံးကို Boundary edges အဖြစ် သတ်မှတ်လိုက်တာပါ)
(၂) C အထိ Extend လုပ်ချင်တဲ့ D, E Line ကို Select လုပ်ပါမယ်..
(၃) Shift Key ကိုဖိထားပြီး Trim ချင်တဲ့ D, E Line ရဲ့ A နဲ့ B ကြားကို Select ထပ်ပေးပါ့မယ်..
EX Enter, Enter>Select object you want to extend>Shift+ Select object you want to trim

Copy, Move and Block Without Command

Copy ,Move and Block without Commands

Auto CAD ရဲ့ Command Line/Menu/Tools Bar တွေကနေမသုံးဘဲ Graphic Screen ပေါ်မှာဘဲ Drag ဆွဲယူပြီး Copy/Move/Block တို့ကို အသုံးပြုနိုင်တာမှို့ စိတ်ဝင်စားဖို့ကောင်းပါတယ်..
လိုချင်တဲ့ Object ကို Select ပေး၊ Drag ဆွဲယူပြီး Click တချက်ချရုံလေးပါဘဲ။အောက်မှာပြောပြထားသလိုလုပ်ကြည့်လိုက်ပါ..
• မိမိ Copy/Move/Block ပြုလုပ်မည့် Object ကို Select ပေးပါ။
• Right Click နှိပ်ပြီး Drag ဆွဲယူပါ။(ဆွဲယူတဲ့အချိန်မှာ Grips တွေကို မထိပါစေနဲ့)
• အဲဒီအချိန်မှာ Copy/Move/Block/Cancel ဆိုတဲ့ Commands လေးတွေပေါ်လာမှာပါ။
• လိုရာကို Click ပေးလိုက်ရင်ပြီးသွားပါပြီ…

ဒီ Command ဟာလွယ်ကူရိုးရှင်းပေမဲ့ Keyboard (သို့) Toolbar တွေကနေသုံးနေရတဲ့အချိန်တွေထက် နှစ်ဆလောက် အမှန်တကယ်ခြုံ့ပစ်နိုင်ပါတယ်...
အားသာချက်က Ortho On ထားပေမဲ့လည်း မိမိလိုရာကို (Vertical/Horizontal) တိုင်းသာမဟုတ်ဘဲ ရွှေ့ယူနိုင်ပါတယ်..
အားနဲချက်ကတော့ Osnap ကကိုင်ပြီး၊ လိုရာ Osnap တွေဆီကို ယူ/ချလို့ရမှာမဟုတ်ပါဘူး..
Block Name ပေးလို့ရမှာမဟုတ်ပါဘူး..

Saturday, June 11, 2011

လေလွင့်ခွေးဝဲစားတကောင်ရဲ့အလွမ်း

လေလွင့်ခွေးဝဲစားတစ်ကောင်ရဲ့ အလွမ်း (၁)

ပိန်းပိတ်အောင်မှောင်နေတဲ့ လ မသာ ကြယ် မရှိတဲ့ကြောက်စရာ ညတည မှာ ကျွန်တော့်ကိုမွေးခဲ့တာပါ...
ကျွန်တော့်ဘ၀ရဲ့ သုည ဘ၀ကို အဲဒီည မှာ စခဲ့တာလို့ပြောရင် ပိုပြီးမှန်မယ်ထင်တယ်...
ဘ၀မှာ အလိုချင်ဆုံးအရာတခုဟာဘာလဲလို့ မြ၀တီ ရုပ်သံက လာဗျူးခဲ့ရင် မိုးလေကင်းလွတ်တဲ့ ပြာပုံတခုပါဘဲလို့ ကျွန်တော် ချက်ချင်းပြန်ဖြေမိမယ်ထင်တယ်..တကယ်ဘဲဗျာ.. ကျွန်တော့်မှာ သခင်မရှိဘူး.. အဲ့ဒီတော့ အားလုံးက မလေးစားကြဘူးဗျ..
အဲပါ...ထားလိုက်ပါတော့ ... ဒါလည်း လောကရဲ့ နိယာမတရားဘဲလေ.. ကျွန်တော့်ရဲ့ ကံဘဲပေါ့..
မိုးတဖြိုက်ဖြိုက် ကြတတ်တဲ့ လတွေဆိုရင် တကယ် ဖီးလ်ငုပ်တယ်ဗျာ... ကျွန်တော်က ကောင်းကင်မှာ မလင်းတလက် လင်းတလက် နဲ့ ကြယ်ကလေးတွေကို ကြည့်ပြီး စိတ်ကူးယဉ်မယ် စိတ်ကူးကာရှိသေး .. ဖြုန်းဆို အဲဒီ သောက်မိုးက ရွာတော့တာဘဲ..
အကာအရံမရှိတဲ့ ကျွန်တော့် ဂေဟာကြောင့် ကျွန်တော် စိတ်ညစ်ရပေါင်းလည်း များနေပြီ..
ခုလို မိုးလရာသီဆို တခါတလေ ကျွန်တော် ငိုချင်မိတယ်..
ကျွန်တော်တို့ လောကမှာလည်း ကြီးနိုင် ငယ်ညှင်းတွေပါဗျာ... တကယ် လေဖို့ကောင်းပါတယ်..
ကျွန်တော်က ဂလိုဘယ်လိုက်ဈေးရှင်းအရ မော်ဒန် ဒေါ့လိုက် တခုကို ဖန်တီးချင်တယ်...
အဲဒီလို အာကျယ်ကျယ်နဲ့ သွားပြောရင်လည်း စီနီယာတွေ က ကျွန်တော့်ကို ၀ိုင်းတီးကြမှာ..
ဟိုတနေ့ကဆို ကျွန်တော် တနေကုန်ဘာမှ အဆင်မပြေဘူးဗျာ..
နေညိုညိုမှာ ကြက်ရိုးလေးတခုဘဲ ရခဲ့ တယ်…..အဲဒါလေးနဲ့ဘဲ လွေးပြီး တံတွေးမြိုချနေရတာ..
ညရောက် တော့ ထုံးစံအတိုင်း ဗိုက်က တဂွီ ဂွီ မြည်တော့တာပေါ့.. သံစုံတီးဝိုင်းကြနေတော့တာဘဲ...
ဆာလောင်မှုကို မေ့နိုင်အောင် ကျွန်တော် ကြိုးစားပါတယ်.. ကျွန်တော် အားကျတဲ့၊ ကျွန်တော် ကြိတ်ပြီးကြိုက်နေတဲ့ သခင်ရဲ့ ချစ်ခြင်းတရားတွေကို ရနေတဲ့ ရွာတောင်ပိုင်းက ဂုတ်ကျားမကို ဖီးလ်ထည့်ပြီး ကျွန်တော် ကွေးနေခဲ့တယ်..
အရေးကြောင်း ဒိန်းဒေါင်းဖျက်ဆိုသလိုဘဲဗျာ.. ပြောလိုသာ ပြောရတာ အဲဒီ ဒိန်းဒေါင်းဖျက်ဆိုတာကြီးကို ကျွန်တော်နားမလည်ပါဘူး.. ဘော်ဘော်တွေ ပြောပြော နေတာကြားလို့ လိုက်ပြောကြည့်တာ..
အဲဒီ သောက်မိုးကစတော့တာဘဲ...ဘင်လာဒင်ကိုသွားတွေ့ပြီး.... ကျွန်တော်မျိုးကြီးသေသင့်ပါတယ် သတ်လိုက်ပါတော့လို့ ပြောလိုက်ချင်တာ..ဒါနဲ့ ..... အိုဘားမကတော့ ဘင်လာဒင်သေပြီလို့ ပြောသွားပြီနော်..အင်း.. ဒါတွေက အပရဟိကတွေပါဗျာ.. ကျွန်တော်နဲ့မဆိုင်ပါဘူး.. ဆိုင်လည်းမဆိုင်ချင်ဘူး... ဒါနဲ့ ကျွန်တော်လည်း ကိုယ့်ရဲ့နားခိုစရာနေရာအတွက် ညမိုက်မိုက်ကြီးထဲမှာ ရှာပုံဖွင့်ရတော့တာပေါ့...ခပ်တည်တည်နဲ့ ကင်းတဲနားကို သွားပြီးကပ်မိပါတယ်... စီနီယာ ချစ်ကိုကြီးက ထလိုက်လို့ အပြေးကောင်းလို့ ခေါင်းနဲ့ကိုယ် အိုးစားမကွဲခဲ့တာ..
ဘာလဲဗျာ.. သူက စီနီယဆိုပြီးဗိုလ်ကြနေတာပါ..တကယ်ဆို သူလည်းကျွန်တော့်ကိုချီမ ထားရတာမဟုတ်ဘူး..အဲဒါကြောင့် ကျွန်တော်က မော်ဒန်ဒေါ့ အဆိုစီရေးရှင်းလေးတစ်ခုလောက် တည်ထောင်ချင်တာ... ဘာဘဲဖြစ်ဖြစ် အခုလို ဗိုလ်ကြစိုးမိုးနေမှုတွေ မပပြောက်နိုင်အုံးတောင် တဖြည်းဖြည်း လျော့ပါးလာနိုင်တယ်လေ...
အဲဒီနေ့က သြဂုတ် တစ်ဆယ်လား ဆယ့်တစ်လား ရေရေ ရာရာတော့မသိဘူး.. ကောက်ညှင်းငချိပ်က အရှုံးပေးရမဲ့ညမှာ ကျွန်တော်ဝါဆိုမိုးတွေနဲ့အပြိုင် ပုလဲတွေခခဲ့ရတယ်...စိတ်ဓါတ်မခိုင်မာလိုက်တာလို့ ပြောရင်လည်း ပြောကြပါစေတော့.... ဟုတ်တယ်လေ.. ရင်ထဲကခဲစားမှုတခုကို ဟန်ဆောင်ဖုံးကွယ်ထားဖို့ဆိုတာ တကယ်ခက်ခဲလွန်းပါတယ်..
ဝတ္ဘု တွေ ရုပ်ရှင်တွေထဲမှာမှ မဟုတ်တာဗျာ.....ဒါ သဘာဝကျပါတယ်…


ပဉ္စလက်ဆန်တဲ့ မိုးညတွေကို နားပိတ်ဖုန်းကွယ်ရင်း၊ အဓိပ္ပါယ်မရှိ အီးရောင်ဝါးရက်တွေကို မသိလိုက်မသိမသာ ဖြစ်သန်းရင်း ဘ၀ဟာ မြစ်ပြင်ကြယ်မှာ မျောနေတဲ့ ဗေဒါတပွင့်လို ဦးတည်ချက်မရှိ ဆုံ စီးနေပါတော့တယ်..အိပ်မက်ထဲမှာတော့ သခင်ကိုရှာဖွေရင်းပေါ့.....
နေ့ရက်တွေကို လ တွေက ၀ါးမြိုရင်း ရာသီစက်ဝန်းလည်း တပတ်တောင် လည်လာခဲ့ပြန်ပြီပေါ့..
ဘာမှမပြောင်းလဲပါဘူး.. ကျွန်တော်ကတော့ ဒီနေရာမှာ ဒီဘ၀ ပါဘဲ....

နွေညတွေမှာ အိုက်လွန်းလို့ ဖင်ဘူးတောင်းထောင်ရင်း၊ မိုးညတွေမှာ ၀မ်းနဲငိုရှိုက်ရင်း.. ဆောင်ညတွေမှာ အေးချမ်းမှုကို
မေ့ပြောက်ဖို့ဟိုဟိုဒီဒီ စိတ်ကူးယဉ်ကြိုးစားရင်းပေါ့..
ရှင်လိန်ပြန် ၊ ထောင်ထွက် ၊ မိန်းမယူတဲ့နေ့ဟာအပျော်ဆုံးနေ့တွေပါလို့ သခင်တွေကပြောရင် ကျွန်တော်က တော့ တော်သလင်းရာသီဟာ ကျွန်တော်တို့အတွက် အဆုံးမဲ့ ကြည်နူးရတဲ့ ရာသီလို့ ပြောမိမှာပါ..
နားလည် ပေးကြပေါ့ဗျာ.. ခွေးတွေမှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိကြပါတယ်..ပြောလို့သာပြောရတာပါ.. ကျွန်တော်ကြိတ်ပိုးနေတဲက ဂုတ်ကျားမက ဒီကမ္ဘာ လောကမှာ ကျွန်တော်ရှိနေတယ်လို့တောင် ထင်မှာမဟုတ်ပါဘူး..
ရေမြင့်ရင် ကြာမြင့်ဆိုသလိုပေါ့.. ကျွန်တော့်လို အနုတ်ဆုတ် ဂုတ်ဆုတ် ကောင်ကို သူကဘယ်မှန်းပါ့မလဲ...
အနဲဆုံးတော့ အမဲရိုးလေး နေ့တိုင်း လွေးရတဲ့ကောင်လောက်မှ စဉ်းစားမှာပေါ့..
ချစ်ရတဲ့သူဆိုတော့ ကျွန်တော် ကြည်ဖြူစွာဘဲ ခွင့်လွှတ်ထားပါတယ်..ရယူပိုင်ဆိုင်ရမှ အချစ်ဆိုတာ ဖြစ်လာတာမဟုတ်တာဗျာ…. ကျွန်တော် အဝေးကနေ ထာဝရချစ်သွားနိုင်ပါတယ်..ကျွန်တော် ဒီကမ္ဘာလောကကနေ တိတ်တဆိတ်ထွက်သွားရမဲ့နေ့အထိပေါ့…တနေ့တော့ ကျွန်တော်လည်း သူ့လို သခင်ကောင်းကောင်းနဲ့ မတွေ့ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ..ကျွန်တော့်သခင်က ဘယ်လိုလူမျိုးလဲ.. ဘယ်လိုအယူအဆတွေရှိလဲ.. ကျွန်တော့်အပေါ်မှာရော ကြင်နာမှာလဲ .. မေခွန်းပေါင်း အနန္တနဲ့ တောင်စဉ်ရေမရ အတွေးနယ်ချဲ့ မိတဲ့ ညတွေလည်းများလှပါပြီ... သေချာပါတယ်.. ကျွန်တော် သခင်အပေါ် အစွမ်းကုန် ပေးဆပ်သွားမှာပါ..
ထားရာ နေ စေရာသွားပေါ့ဗျာ..သူ့ဆန်စားရင်တော့ သူ့အတွက် ကျွန်တော်ရဲပေးမှာပါ့ .........

Sunday, May 22, 2011

ကျွန်တော်နဲ့ ကောင်လေး

ရုတ်တရက် အချိန်အခါမဟုတ် ရွာချလိုက်တဲ့မိုးကြောင့် ပထမဆုံး မနေ့ကအထိ အိပ်ထဲမှာ အမြဲပါပါ နေတတ်တဲ့ ခေါက်ထီးလေးကို သတိယမိတယ်…မှတ်မှတ်ရရ ဒီမနက်ဘဲ အိပ်ထဲကနေထုတ်ပြီးချန်ထားခဲ့တာ…ဘ၀ဟာအဲဒီလိုပါဘဲ ထင်မှတ်မထားနိုင်လောက်အောင် တခါတလေ လွဲနေတတ်ပါတယ်… အနီးစပ်ဆုံး တီး ဆိုင်လေးတခုထဲကို ၀င်လိုက်ရတော့တယ်…ထုံစံအတိုင်း ပေါ့ဆိမ့်တခွက်ပေါ့… ဒီနေ့ဆို လက်ဖက်ရည် ငါးခွက်ရှိနေပြီ .. ဒါနဲ့ဆိုရင်… လက်ဖက်ရည်သမားမဟုတ်ပေမဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဟိုတွေးဒီတွေးလုပ်နေရတဲ့ အရသာကို ကျွန်တော် ဟိုက်စကူးကျောင်းသား ဘ၀ကတည်းက ခုံမင်တတ်နေပြီ…အဲဒီလိုလွပ်လပ်ပျော်ရွှင်မှူမျိုးကို ဘယ်နိုင်ငံမှာမှ ရနိုင်မှာမဟုတ်ဘူးထင်တယ်...ရင်ခုံတတ်စအရွယ်တုန်းကတော့ လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ကောင်မလေး ၊သူ့ကောင်မလေးအကြောင်းကို အရှက်မရှိ ပြောဖြစ်ခဲ့တာတွေကိုသတိယမိသေးတယ်…အချိန်တွေကလည်းမြန်ပါတယ်.. အခုဆိုရင် ကျွန်တော့်အသက် သုံးဆယ်ကျော်… အားလုံးသော သူငယ်ချင်းတွေကတော့ ကိုယ်ပိုင်လုပ်ငန်းကိုယ်စီနဲ့ အချို့ဆိုရင် မြေးတွေရနေကြပြီ…မျက်မှန်လေးချွတ်ပြီး မိုးစက်တွေသုတ်တော့ ကိုယ့်ရဲ့ အသက်အရွယ်ကို ပိုပြီးသတိထားမိလိုက်တယ်… မျက်မှန်မရှိရင် အားလုံးကိုကျွန်တော် သဲသဲကွဲကွဲမမြင်ရတော့ဘူးဖြစ်နေပြီ…
မိုးကတော့ သဲနေဆဲဘဲ… ဒီလိုဆို လက်ဖက်ရည်တခွက်နဲ့ တော့ ကြာဦးမယ်ထင်တယ်....လက်ဖက်ရည်ခွက်ကိုသောက်ဖို့အပြင်မှာ ကျွန်တော့်စိတ်ထဲမှာ တစုံတယောက်က ကျွန်တော့်ကို ကြည့်နေသလို ခံစားရတယ်…. သေချာတာပေါ့ ဆိုင်လေးရဲ့ တံစက်မြိတ်မှာ တိုင်လေးကိုကွယ်ပြီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက် ကို တွေ့ရတယ်.. လက်ထဲမှာလည်း ဂျာနယ်တပွေ့တပိုက်နဲ့.. ဂျာနယ်ရောင်းတဲ့ကောင်လေးဘဲဖြစ်မှာပါ..ကောင်လေးက သူ့ကိုယ်သူ မိုးစိုမှာထက် သူ့ ဂျာနယ်လေးတွေမိုးစိုမှာကိုဘဲ စိုးရိမ်နေတယ်… အပြင်ကပက်နေတဲ့ မိုးစက်တွေကို သူ့ကိုယ်လေးနဲဘဲ ကာနေတာ…လက်ဖက်ရည်သောက်ဖို့ လက်နဲ့ အမူအရာလုပ်ပြတော့ ခေါင်းရမ်းတယ်…”ဂျာနယ်ဝယ်ချင်လို့ လို့ ကျယ်ကျယ်ပြောလိုက်မှ့” သူမျက်ဝန်းက ရုတ်တရက် အရောင်တောက်လာပြီး အထဲကို ခပ်ကုပ်ကုပ်ဝင်လာတယ်…သူနဲ့ရွယ်တူ စားပွဲထိုးလေးနှစ်ယောက် ရောက်လာပြီး ဘာသောက်မှာလဲလို့ မသတီသလိုမေးကြတော့ “လက်ဖက်ရည်တခွက်ရိုးရိုးနော်” လို့ ကောင်လေးက ခပ်တိုးတိုး ပြန်ပြောတယ်…ရာသီဥတုဒန်ကြောင့်ထင်ပါရဲ့ ကောင်လေးရဲ့ အသားအရေက မွဲခြောက်ခြောက်နဲ့ အမဲဘက်ကိုသန်းနေပြီ..မျက်စံနက်နက် ကလေးနဲ့ အာဖရိက ကလေးတယောက်လိုဘဲ.. ကတုံးကေလေးနဲ့.. အသက်က အလွန်ဆုံး မှ ၁၂ လောက်ဘဲရှိဦးမှာ…တချို့ဘ၀လေးတွေကြတော့လည်း ခက်ခဲလွန်းလှပါလား လို့တွေးမိပြီး ကောင်လေးကို ဂရုနာသက်မိတယ်…သူပြန်အမ်းတဲ့ မိုးနဲနဲစိုနေတဲ့ အကြွေလေးတွေကိုကြည့်ပြီး ၀မ်းနဲစွာခံစားမိတယ်…တချိန်တုန်းကတော့ ကျွန်တော့်ဘ၀ဟာ ဒီကောင်လေးလိုပါဘဲ…လူတွေအားလုံးရဲ့ အပြင်ဘက်မှာဘဲ ရပ်တည်ခဲ့ရတာ..လက်ဖက်ရည်ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့ပြီး ကောင်လေးက အပြင်ကိုငေးနေတယ်… မိုးကြောင့် သူအလုပ်ပျက်နေပြီထင်ရဲ့… တစ်ထောင်တန်တရွက်ကို လိပ်ပြီး သူ့ရဲ့ အိပ်လေးထဲကို ကျွန်တော် ကောင်လေး ငေးနေတုန်း ထည့်လိုက်တယ်..တခုခုတော့ အထောက်အပံ့ဖြစ်မှာဘဲထင်ပါတယ်… ခနနေတော့ကောင်လေးက တနေ့စာ ရောင်းခဲ့တဲ့ ပိုက်ဆံလေးတွေကို ရေတွက်နေတယ်… အားလုံးနီးပါးက အကြွေလေးတွေပါဘဲ.. . တထောင်တန်လေးကိုတွေ့တော့ ကောင်လေးမျက်စိတွေက ရုတ်တရက် ခပ်အမ်းအမ်းဖြစ်သွားတယ်… “ဦး ခနလေးနော်” လို့ ကျွန်တော့်ကိုပြောပြီး ကောင်လေး မိုးရွာထဲကိုပြေးထွက်သွားတယ်…သူ့အိပ်လေးတောင်ယူမသွားနိုင်လောက်အောင် ပါဘဲ….၁၅ မိနစ်လောက်ကြာမှ သူပြန်ရောက်လာတယ်…သူ့တကိုယ်လုံးမိုးတွေ ရွှဲနေပြီ…”ဘာဖြစ်တာလဲကွ ချာတိတ်ရ”.
ကျွန်တော်မေးတော့ စိတ်မကောင်းသံနဲ့ ကောင်လေးက တိုးတိုးဖြေတယ်..”အကိုတယောက်ဆီက ပိုက်ဆံ ပိုပါလာလို့တဲ့” ခုန က ကျွန်တော် ထည့်လိုက်တဲ့ ပိုက်ဆံလေးကို စားပွဲပေါ် သီးသန့်ချထားတယ်…. “ ပြေးရှာပေမဲ့ မတွေ့တော့ဘူးလေ ခုနက ကွမ်းယာဝယ်နေတာ ထွက်သွားပြီပြောတယ်၊ နောက်တော့ကြုံမှာပါ ကျွန်တော်မှတ်မိတယ်” တဲ့… ကောင်လေးရဲ့ ရိုးသားစိတ်က ကျွန်တော့်ကို တုန်လှုပ်စေပါတယ်…အတ္တတွေ ၊ မာနတွေ၊ ပြိုင်ဆိုင်မှုတွေ၊ လိမ်ညာမှုတွေ ဖောဖောသီသီ ပြည့်နှက်နေတဲ့ ဘ၀မှာ ဒီလို ရိုးသားမှုလေးတွေလည်း ရှိနေသေးပါလားတွေးမိတယ်…သူ့စိတ်က တကယ့်ကိုဖြူစင်လွန်းနေပါတယ်… “အေးကွ.. မင်းကို ဦး လက်ဆောင်ပေးစရာတခုရှိတယ်”.. သိပ်မကြာသေးခင်က ကျွန်တော့်မိတ်ဆွေတယောက် ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့ နိုင်ငံခြားဖြစ် ရွှေရောင် ဖောင်တိန်လေးကို ပေးတော့ ကောင်လေးက ငြင်းတယ်… “ ဦး ဖောင်တိန်က တန်ဖိုးအရမ်းကြီးမှာဘဲတဲ့ ကျွန်တော်မယူပါရစေနဲ့တဲ့”… “ ရပါတယ်ကွ.. ငါ့မှာ အများကြီးရှိပါသေးတယ်” လို့ပြောမှ ကောင်လေးဝမ်းသားအားရ ဖောင်တိန်လေးကို ကောက်ယူတယ်..
ကျေးဇူးတင်ပါတယ်လို့ သူမပြောပါဘူး.. ဒါပေမဲ့ ကျွန်တော် နားလည်လိုက်ပါတယ်.. သူ့မျက်လုံးမှာ ကျွန်တော့်ကို ကျေးဇူးတင်နေတဲ့အရိပ်တွေ အထင်သားမြင်နေတာဘဲ… မိုးစဲတော့ ကောင်လေးနဲ့ကျွန်တော်လမ်းခွဲဖို့ပြင်ကြတယ်.. လက်ဖက်ရည်ဖိုးရှင်းမယ်ပြင်တော့ “ကျွန်တော် ပေးပြီးသွားပြီဦး” လို့ ကောင်လေးက ပြောတယ်.. ဘယ်အချိန်ကရှင်းလိုက်မှန်းတောင် ကျွန်တော်မသိလိုက်ဘူး… ခုနက အပေါ့သွားမယ်ပြောပြီး သွားရှင်းခဲ့တာနေမှာ..တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး ကျွန်တော် ပျော်လာသလိုခံစားရတယ်…မိုးရွာပြီးခါစ မြေသင်းနံ့ က စိတ်ကိုလန်းဆန်းဖွယ်ရာပါဘဲ… အပြန်လမ်းမှာ အဖရိက ကောင်လေးရဲ့ အရိပ်တွေက ကျွန်တော်နဲ့အတူပါလာတယ်…

Sunday, May 8, 2011

ကျွန်တော်သိသော M&E Auto CAD Drafter နဲ စလုံးမှာအလုပ်ရှာရတဲ့ဘ၀....

အလကားနေရင်: ကလိနေကြတဲ့ Programmers တွေကိုမုန်းတယ်ဗျာ.. သူတို့ကြောင့် မိမိဝါသနာပါရာ Software တခုလေးကို လိုက်နေရတာတောင် သိပ်ပြီးမလွယ်လှပါဘူး..အခုဆိုရင် Auto CAD 2012 ကထွက်လာပြီ...Auto CAD 2009 တောင်အီးရောင်ဝါးလုပ်နေတုန်းရှိသေးတယ်... Commands ပိုပြီးဆန်းသစ်၊ အသစ်တွေ ထပ်တင်.. တဖြည်းဖြည်း File ဆိုဒ်ကကြီးလာ.. System Requirements တွေကလည်းပိုတောင်း.. ကျွန်တော့်လို M&E Drafter ပေါက်စတယောက်အဖို့တော့ စက်လေးတာဘဲ အဖတ်တင်ပါတယ်...လူထင်ကြီးအောင်တော့ တင်ထားတာပေါ့ဗျာ.. ထုံးစံအတိုင်း အားတဲ့အချိန် Help file လေးဖတ်လိုက်၊ Commands တွေ ကလိလိုက်ပေါ့..တကယ်ဆွဲတော့ 2007 နဲ့ဘဲဆွဲတာ..ဒီမှာ (Singapore) တော့ M&E companies တွေမှာ Auto CAD 2008 ပဲသုံးကြတာများပါတယ်...တခါတလေလည်း ကြုံရတတ်ပါတယ်... ကိုယ့်ဆီကို Attach ပေးလိုက်တဲ့ Company က Latest Version ကိုသုံးထားတယ်.. Save As မှာလည်း ပြင်မထားဘူးဗျ.. Latest နဲ့ဘဲ Save တာနေမှာပေါ့... ဒီမှာက Old Version သုံးနေသူဆိုတော့ ကျူးမီးငါးပေါ့ဗျာ...
ဖွင့်လို့မရဘူး၊ ပြန်ပြင်ပေးပါဦးပြောတော့ Latest Version ဘဲသုံးပါတဲ့ဗျ...ပြောနိုင်မှာပေါ့ဗျာ..ကိုယ်က နှပ်ကျတဲ့ Company ကိုရောက်နေရသူကိုး.. ကိုယ်ကလဲဘယ်ရမလဲ.. ကိုယ့်ဘောစိကို အဲဒီအကြောင်းဝေေ၀ဆာဆာလေး Report လုပ်လိုက်တာပေါ့... ဘယ်လူဘဲဖြစ်ဖြစ်၊ဘယ်လောက်ဘဲ နှပ်ကျကျ ကိုယ့် Dignity ကိုထိပါးလာရင်တော့ ဟန်ဆောင်ပန်ဆောင်ဖြစ်ဖြစ် ဖောကြတာဘဲဗျ.. လူ့သဘာဝနေမှာပါ... သုံးရက်အတွင်းမှာ Auto CAD 2012 လာတင်ပေးသွားတယ်...အလုပ်မရှိရင် ယောင်စရာအချိန်နဲသွားတာပေါ့ဗျာ.. လိုက်ကလိတော့တာပေါ့....Drafter အနေနဲ့ ဒီမှာ အလုပ်ရဖို့လွယ်လားလို့မေးရင် မလွယ်ဘူးလို့ဘဲဖြေမယ်.. ခက်လားလို့မေးရင်လည်း ဒီလိုဘဲဖြေမှာပါ..ကိုယ်ကိုယ်တိုင်က Perfect ဖြစ် Confidence ရှိနေသူတွေအတွက်တော့ ဘယ်မှာဘဲဖြစ်ဖြစ် အခက်ခဲမရှိဘူးပေါ့ဗျာ.. ကျွန်တော်ပြောတာက ရန်ကုန်မှာ Auto CAD လေး M&E သင်တန်းလေးတက်ပြီး မိမိလုပ်မဲ့ Field မှာ ဘာမှ Background Knowledge မရှိသူတွေအတွက်ပါ... ကိုယ်နဲ့နှိုင်းပြီးပြောရတာ... ပြီးတော့လူတွေကခက်တယ်ဗျာ.. အေးအေးဆေးဆေး Aircorn ခန်းလေးထဲမှာဘဲနှပ်ပြီးအလုပ်လုပ်နေရတဲ့ Drafter ဘ၀ကိုဘဲ ရချင်နေကြတာ.... တွေ့တဲ့လူတိုင်းက "မင်းကတော့ အငြိမ်ဘဲကွာ ရုံးထဲမှာဆိုတော့" လို့ ပြောကြတယ်..ရထားတဲ့ BE ဘွဲ့ကြီးနဲ့ Drafter လုပ်နေသူတွေလည်း တွေ့ဖူးပါရဲ့ .. ကိုယ့်ကိုယ်ကို မရှက်ကြဘူးလား မသိပါဘူးဗျာ... ဘာဘဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက ဘွဲ့အဆင့်နိမ့်တယ်လို့ပြောပါစေဦး ဒီစင်ကာပူက ဘွဲ့တွေ၊ဒီပလိုမာတွေကလည်း ကိုယ့်ထက်ဆိုးတယ်လို့ ထင်မိပါတယ်...Marine & Offshore နဲ့ဒီပလိုမာပြီးခဲ့တဲ့ Singaporean ကျောင်းသားတယောက်က Shipyard ကို Field ဆင်းဖို့ရောက်လာတယ်.. Engine Room မှာ Piston ဘယ်မှာရှိမှန်းမသိဘူးဗျ.. တကယ်ကိုယ်တွေ့ပါ.. Piston တွေက ထိုးထိုးထောင်ထောင် Workers တွေဖြုတ်ထားတာ.... သင်တဲ့ ဘာသာရပ်တွေလည်းပြန်ကြည့်လေ.. မကျေနပ်သေးရင် ကျောင်းပြီးတဲ့ ရွှေမြန်မာတွေကို မေးကြည့်ပေါ့ဗျာ.. ရှင်းပြဖို့နေနေသာ.. ရွှီးနိုင်မှာတောင်မဟုတ်ပါဘူး...ကိုယ့်နိုင်ငံမှာ အင်ဂျင်နီယာ ဘွဲ့ကြီးယူပြီး ဒီမှာ Poly တက်တဲ့ မောင်မင်းကြီးသားတွေက ဒုနဲ့ဒေး..တကယ်တော့ ပညာရေးမှာ ကိုယ့်အပေါ်မှာလည်း မူတည်နေတယ်လို့ထင်ပါတယ်ဗျာ....လက်ခံနာယူလိုတဲ့စိတ်မရှိရင် ဘယ်မှာမှ ထူးလာမှာမဟုတ်ပါဘူး..ကိုယ့်နိုင်ငံမှာဘွဲ့ရပြီး ဒီမှာ ဆရာလုပ်နေသူတွေ အများကြီးပါ...အဲဒါမျိုးတွေ အတုယူဖို့ကောင်းပါတယ်...အခိုက်အတန့် မှို့ နေနေရတဲ့သူတွေကတော့ တမျိုးပေါ့ဗျာ... ရေရှည်ကြတော့ တကယ်ရှက်ဖို့ကောင်းပါတယ်....
M&E Drawings တွေမှာ 3D ဆွဲတတ်ဖို့မလိုပေမဲ့ View ကိုတော့ ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်...Auto CAD က သင်မယ်ဆိုရင် သိပ်မကြာခင် လူတိုင်းတတ်သွားမှာပါ.. ဒါပေမဲ့ ကိုယ် လုပ်မဲ့ အလုပ်ရဲ့ Knowledge ပိုင်းကြတော့ စကားပြောလာပြီ ....ကျောင်းစာဟာ ကျောင်းမှာဘဲ ရှိတာလို့ပြောလို့ရပေမဲ့ လုပ်ငန်းခွင်ကြတော့ ကျောင်းမှာလေ့လာခဲ့ရတာလေးတွေက တဖြည်းဖြည်း အသုံးဝင်လာပါတယ်...ဆိုလိုချင်တာက Knowledge ပိုင်းမှာပြောတာပါ.... ဒါကရှင်းပါတယ်.. အင်ဂျင်နီယာမဟုတ်ရင်တောင် အင်ဂျင်နီယာအမြင်တော့ ရှိသင့်တယ်.. နည်းပညာကို လေ့လာနေသူတွေအတွက်မဆိုလိုပါဘူး... ဘာဘဲဖြစ်ဖြစ် .. သူရောကိုယ်ရောက အီးရောင်ဝါးဘဲနေချင်ကြတာ.. နေ နေကြတာဘဲလေ...အဲဒါကြောင့် အခြားဘွဲ့ရတွေ Drafter အနေနဲ့လာချင်ရင် BE, G.T.I သမားတွေထက် ကိုယ်က ပိုပြီး လေလော့းထားသင့်ပါတယ်.. Aircorn မှာ အလုပ်ရချင်တဲ့သူက Aircorn ပိုင်းကို Perfect ဖြစ်အောင်လုပ်ထားပေါ့..M&E မှာလည်း လိုင်းတွေက အများကြီးဘဲလေ.. ကိုယ်ဝါသနာပါရာ . ကိုယ်ကျွမ်းကျင်ရာဆိုရင်တော့ အလုပ်နဲ့ ပိုပြီးအထိုင်ကြတာမြန်ပါတယ်... ကိုယ်ဝါသနာပါတဲ့အတွက် လေ့လာချင်တဲကစိတ်လည်းရှိ ပျင်းလည်း မပျင်းတော့ ကိုယ့်အတွက် ပိုပြီးတိုးတက်လမ်းရှိတာပေါ့..ကျွန်တော့အတွေ့အကြုံအရ Drafter ဆိုပေမဲ့ အင်တာဗျူးမှာ Auto CAD ထိုင်ဆွဲခိုင်းတာ ရှားပါတယ်.... လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ အတွေ့အကြုံ၊ ကိုယ့်ရဲ့ အပြောအဆို အီးအနေအထား အဲဒါတွေဘဲ မေးကြတာများတယ်..ဒါကြောင့် အလုပ်ရဖို့ရာ အီးကလည်း အလွန်အရေးကြီးတဲ့ အခန်းကနေပါဝင်နေပါတယ်..ရွှေတွေရဲ့ အီးကလည်း သိတဲ့အတိုင်းဘဲဗျာ.. အားလုံးနီးပါက ချာတူးလန်နေတာ..အာရှမှာ India ပြီးရင် ငါတို့နိုင်ငံက Pronunciation အကောင်းဆုံးလို့ပြောပြီး ပေါက်ကရတွေလုပ်နေကြတာပေါ့ ...ကျောင်းတက် Citizen ဖြစ်နေသူတွေကလည်း ထိုနည်း ၄င်းဘဲဗျ..လားတွေ မြင်းတွေနဲ့ဘဲ ပြောနေကြတာ..ဆာဟာရကိုဘဲသွားဖို့ကောင်းပါတယ်ဗျာ... တရုပ်လေသံ အီးကို နားလည်းဖို့ကလည်း ခက်တယ်.. Listening ပါဝါရအောင်လည်း ကြိုတင်ပြင်ဆင်သင့်တယ်.. သူပြောတာနားမလည်၊ ကိုယ်ပြောတာ သူမသိ .. Post က Spass နဲ့... အချို့အလုပ်ရှင်တွေက စိတ်တောင်ဆိုးတယ်ဗျ..ကိုယ့်အပြစ်ချည်းဘဲတော့ မဟုတ်ဘူးပေါ့.. တရုပ် အီးကလည်းသိတဲ့အတိုင်းဘဲလေ..ဘာဘဲဖြစ်ဖြစ် ကိုယ်က အလုပ်သမားဆိုတော့ ကိုယ်ကဘဲ သူပြောတာနားလည်အောင် ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့.. မဟုတ်ဘူးလား...
တချို့ကလည်းရှိသေးတယ်လေ.. Stay က Extension နဲ့မှ နှစ်လဘဲရတာ.. လည်ချင်ပတ်ချင်တာတွေက ခပ်များများ.. ပြောတော့ ကြုံတုန်းတဲ့... ကိုယ်ကဘာလာလုပ်တာလဲ..အဲဒါတော့ ကိုယ့်စိတ်ထဲမှာအမြဲရှိပေါ့ဗျာ... စင်ကာပူမှာအလုပ်ရဖို့ က ကံကလည်းပါတယ်တဲ့.. ပြောနေကြတာပါ.. ဟုတ်ကောင်းဟုတ်လိမ့်မယ်ဗျာ.. တချိုတော့ရှိပါတယ်.. ကျွန်တော်ကတော့အဲ့ဒီ အပြောနဲ့လုံးဝဆန့်ကျင်ဘက်ပဲ... ကိုယ့်ကိုယ်ကိုယ်သာ ကိုယ်းကွယ်ရာ၊ အကောင်းအဆိုးဟာ ကိုယ့် အပေါ်မှာဘဲ မူတည်ပါတယ်..ကြိုးစားအားထုတ်မှု၊ လုံလ .. အရမ်းအရေးကြီးပါတယ်..
ရောက်တာချင်းတူပေမဲ့ အချို့က အင်တာဗျူးခန ခနရကြတယ်.. အချို့က တခုတောင်မရကြဘူး..ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးလေ.. သတင်းစာမှာ ပါတဲ့အလုပ်တွေကလည်း စောစောလေးထပြီး မေးလ်ပစ်မှ တော်ရာကြတာ... သတ်မှတ်ထားတဲ့ Quota ပြည့်ရင် မေးလ်က ကိုယ့်ဆီကိုဘဲ အော်တိုပြန်ရောက်လာရော... နှပ်မနေဖို့ပြောတာပါ...စစ်မှန်တဲ့ ကြိုးစားမှုနဲ့ လုံလတော့ လိုတာပေါ့.. အဲဒါတွေ သိဖို့ကည်း ကိုယ်က မလာခင်ကတည်းက ကြိုတင် Plan ချ အချိန်ယူပြီး လေ့လားထားကြရတာ.. အောက်ကျခံပြီး ကိုယ်နဲ့ သိသိ မသိသိ လိုက်မေး.. ဆရာကြီးတွေကလည်း မဖြေချင် ဖြေချင်နဲ့လေ.. တချို့ တလေ ပြောပါတယ်.... အဲဒါကြောင့်ပြောတာ ဘာလုပ်ရမယ်.. ဘာလုပ်သင့်တယ်ဆိုတာ ညွှန်ပြထားကြတာ Website တွေ Blog တွေ အများကြီးရှိပါတယ်..အချက်အလက်တွေကို မှတ်ထား.. အင်တာဗျူးမှာ ဘယ်လိုနေ ဘယ်လိုအမူအရာထားသင့်တယ်ဆိုတာက အစပေါ့.. ဘော်ဒါတွေ၊ ဘော်ကျွတ်တွေဆိုတာလည်း သွားပြီးအားကိုးမနေနဲ့.. တကယ်တမ်းတော့ ကိုယ်ဘဲရုန်းကန်ကြရတာ.. အာတကေ အကူအညီကတော့တမျိုးပေါ့...တချို့ကလည်း ရှိပါတယ်.. အလုပ်မရခင်တော့ မသိချင်ယောင်ဆောင်နေကြတာ.. အလုပ်ရမှ ဘီယာတိုက်ရမယ် ဘာညာပေါ့..သူငယ်ချင်းက အများကြီးမလိုပါဘူးဗျာ..စစ်မှန်တဲ့သူငယ်ချင်ဘဲ ကျွန်တော်တို့လိုတာပါ... ကျွန်တော့်ဘ၀မှာတော့ တကယ်ဘဲ အီးရောင်ဝါးသူငယ်ချင်းတွေ များခဲ့ပါတယ်.. အရေးကြုံတော့ ရောက်မလာကြပါဘူး..ဒီမှာ သတင်းလေး တခုပေးနိုင်ရင်တောင် ထိုင်ပြီးရှိခိုးရအောင် ကျေးဇူးတင်လိုက်ရမှာ.. သူငယ်ချင်းတယောက်ဆိုရင် Pass က Approved ဖြစ်နေပြီ ..အဲဒီ Company က မြန်မာက ဘောစိ တူနဲ့ပေါင်းပြီး Agent Fees ညှစ်နေတာ..သိတဲ့အတိုင်းဘဲဗျာ.. Fees က ဒေါ်လာ ၃၀၀၀ ဆိုတော့ ဘယ်လိုရှာရမှာလဲ.. ပြီးတော့ ချက်ချင်းပေးရမှာ..အဲဒီ သူငယ်ချင်းရဲ့ Stay က ပြည့်ခါနီးနေပြီလေ.. ၀မ်းနဲစွာလှည့်ပြန်ရတော့မှာက အလွန်နီးနေပြီ..တောင်းပန်ပါတယ်ဗျာ.. မျက်နှာငယ်လေးနဲ့.. ကျွန်တော်လည်းပါတယ်... Sembawang MRT မှာပါ... "အကိုရယ် ကျွန်တော်က တကယ်မရှိလို့ပါ၊ ကျွန်တော့လစာနဲ့ဖိဆပ်ပါမယ်" လို့ မျက်နှာလေး ဇီးရွက်လောက်နဲ့ ဒူးထောက်မတတ်တောင်ပန်တာကို... " ဒီလိုလုပ်လုပ်မရဘူးကွ ဒါကထုံးစံဘဲ ငါက ဒီမှာနေလာတာ ၇ နှစ်တောင်ကျော်နေပြီ" တဲ့.. ဘာဆိုင်လဲဗျာ.. သူ့ဟာသူ မွေးကတည်းက ကျွန်ခံနေ တော့ရော ဘာအရေးလဲဗျာ... နောက်ဆုံးတော့ Company က Cancel လုပ်ပစ်လိုက်တယ်ဗျ.. လုပ်ပိုင်ခွင့်တော့ ရှိရင်မှ ရှိမှာပေါ့.. ကိုယ်ကလည်း ရေရရာရာ မပြောတတ်တော့ ..သူ့လက်ခုပ်ထဲကရေပေါ့...အဆိုးဆုံးက Cancel Letter နဲ့ Pass လျှောက်ထားတဲ့ Personal Letter ကို ပြန်မပေးဘူးဗျာ.. ဒီမှက သိတဲ့အတိုင်း Pass တင်ရင် ဘွဲ့ရတဲ့ Date တွေ ဘာတွေကို သူတို့ က လက်မှတ်ကြည့်ပြီး ခန့်မှန်းတင်ကြတာ... အဲဒါလည်း သေချာမှတ်ထားဦး.. အရမ်းအရေးကြီးပါတယ်.... နောက်တခါပြန်ပြီး Pass တင်ရင် အဲဒီ Information တွေအတိုင်း အတိအကျ တင်ကြရတာ.. တခုခုမှားရင် တော့ Reject ထိပြီ.. ကျူးမီးငါးပေါ့ဗျာ..
အဲဒါကြောင့် အဲဒီမှာ အရမ်း ဂရုစိုက်ဖို့လိုပါလိမ့်မယ်.. ကိုယ့်ကို Pass လျှောက်ပေမဲ့ Company ကိုလည်း သေသေချာချာ ကိုယ့်ရဲ့ အချက်အလက်တွေကို ဖြည့်ဖို့ သတိပေးသင့်ပါတယ်.. ဘာမှာမဖြစ်ရင် တော့ ဘာမှ မဖြစ်ဘူးပေါ့ဗျာ..တခုခုဖြစ်လာ ရင် ဟိုသွားရ ဒီသွားရနဲ့ တကယ် အလုပ်ရှုပ်ပါတယ်.. Reject ထိသွားရင်တော့ အဆိုးဆုံးပေါ့... အဲဒီ ရွှေမြန်မာက ပြောထားတာနဲ့တူပါတယ်.. Cancel Letter လုပ်မပေးဘူးဗျ..ဖုန်းဆက်တော့လည်း ဟိုနေ့ပို့လိုက်မယ်.. ဒီနေ့ပို့လိုက်မယ်ပေါ့.. နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက် ကိုယ်တိုင်သွားတောင်းမှ လုပ်ပေးလိုက်တာ... အဲဒါ တနိုင်ငံတည်း သားချင်း ရွှေမြန်မာပေါ့...ကြောက်စရာတကယ်ကောင်းပါတယ်...၀မ်းသာစရာက အဲဒီသူငယ်ချင်းက နောက်တပတ်မှာအခြား Company တခုနဲ့ အဆင်ပြေသွားပါတယ်... တကယ်လို့ သူသာပြန်သွားရရင် အဓိကတရားခံက ခုနကပြောခဲ့တဲ့ ရွှေမြန်မာဘဲနေမှာပါ...