ရုတ်တရက် အချိန်အခါမဟုတ် ရွာချလိုက်တဲ့မိုးကြောင့် ပထမဆုံး မနေ့ကအထိ အိပ်ထဲမှာ အမြဲပါပါ နေတတ်တဲ့ ခေါက်ထီးလေးကို သတိယမိတယ်…မှတ်မှတ်ရရ ဒီမနက်ဘဲ အိပ်ထဲကနေထုတ်ပြီးချန်ထားခဲ့တာ…ဘ၀ဟာအဲဒီလိုပါဘဲ ထင်မှတ်မထားနိုင်လောက်အောင် တခါတလေ လွဲနေတတ်ပါတယ်… အနီးစပ်ဆုံး တီး ဆိုင်လေးတခုထဲကို ၀င်လိုက်ရတော့တယ်…ထုံစံအတိုင်း ပေါ့ဆိမ့်တခွက်ပေါ့… ဒီနေ့ဆို လက်ဖက်ရည် ငါးခွက်ရှိနေပြီ .. ဒါနဲ့ဆိုရင်… လက်ဖက်ရည်သမားမဟုတ်ပေမဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဟိုတွေးဒီတွေးလုပ်နေရတဲ့ အရသာကို ကျွန်တော် ဟိုက်စကူးကျောင်းသား ဘ၀ကတည်းက ခုံမင်တတ်နေပြီ…အဲဒီလိုလွပ်လပ်ပျော်ရွှင်မှူမျိုးကို ဘယ်နိုင်ငံမှာမှ ရနိုင်မှာမဟုတ်ဘူးထင်တယ်...ရင်ခုံတတ်စအရွယ်တုန်းကတော့ လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ကောင်မလေး ၊သူ့ကောင်မလေးအကြောင်းကို အရှက်မရှိ ပြောဖြစ်ခဲ့တာတွေကိုသတိယမိသေးတယ်…အချိန်တွေကလည်းမြန်ပါတယ်.. အခုဆိုရင် ကျွန်တော့်အသက် သုံးဆယ်ကျော်… အားလုံးသော သူငယ်ချင်းတွေကတော့ ကိုယ်ပိုင်လုပ်ငန်းကိုယ်စီနဲ့ အချို့ဆိုရင် မြေးတွေရနေကြပြီ…မျက်မှန်လေးချွတ်ပြီး မိုးစက်တွေသုတ်တော့ ကိုယ့်ရဲ့ အသက်အရွယ်ကို ပိုပြီးသတိထားမိလိုက်တယ်… မျက်မှန်မရှိရင် အားလုံးကိုကျွန်တော် သဲသဲကွဲကွဲမမြင်ရတော့ဘူးဖြစ်နေပြီ…
မိုးကတော့ သဲနေဆဲဘဲ… ဒီလိုဆို လက်ဖက်ရည်တခွက်နဲ့ တော့ ကြာဦးမယ်ထင်တယ်....လက်ဖက်ရည်ခွက်ကိုသောက်ဖို့အပြင်မှာ ကျွန်တော့်စိတ်ထဲမှာ တစုံတယောက်က ကျွန်တော့်ကို ကြည့်နေသလို ခံစားရတယ်…. သေချာတာပေါ့ ဆိုင်လေးရဲ့ တံစက်မြိတ်မှာ တိုင်လေးကိုကွယ်ပြီး ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက် ကို တွေ့ရတယ်.. လက်ထဲမှာလည်း ဂျာနယ်တပွေ့တပိုက်နဲ့.. ဂျာနယ်ရောင်းတဲ့ကောင်လေးဘဲဖြစ်မှာပါ..ကောင်လေးက သူ့ကိုယ်သူ မိုးစိုမှာထက် သူ့ ဂျာနယ်လေးတွေမိုးစိုမှာကိုဘဲ စိုးရိမ်နေတယ်… အပြင်ကပက်နေတဲ့ မိုးစက်တွေကို သူ့ကိုယ်လေးနဲဘဲ ကာနေတာ…လက်ဖက်ရည်သောက်ဖို့ လက်နဲ့ အမူအရာလုပ်ပြတော့ ခေါင်းရမ်းတယ်…”ဂျာနယ်ဝယ်ချင်လို့ လို့ ကျယ်ကျယ်ပြောလိုက်မှ့” သူမျက်ဝန်းက ရုတ်တရက် အရောင်တောက်လာပြီး အထဲကို ခပ်ကုပ်ကုပ်ဝင်လာတယ်…သူနဲ့ရွယ်တူ စားပွဲထိုးလေးနှစ်ယောက် ရောက်လာပြီး ဘာသောက်မှာလဲလို့ မသတီသလိုမေးကြတော့ “လက်ဖက်ရည်တခွက်ရိုးရိုးနော်” လို့ ကောင်လေးက ခပ်တိုးတိုး ပြန်ပြောတယ်…ရာသီဥတုဒန်ကြောင့်ထင်ပါရဲ့ ကောင်လေးရဲ့ အသားအရေက မွဲခြောက်ခြောက်နဲ့ အမဲဘက်ကိုသန်းနေပြီ..မျက်စံနက်နက် ကလေးနဲ့ အာဖရိက ကလေးတယောက်လိုဘဲ.. ကတုံးကေလေးနဲ့.. အသက်က အလွန်ဆုံး မှ ၁၂ လောက်ဘဲရှိဦးမှာ…တချို့ဘ၀လေးတွေကြတော့လည်း ခက်ခဲလွန်းလှပါလား လို့တွေးမိပြီး ကောင်လေးကို ဂရုနာသက်မိတယ်…သူပြန်အမ်းတဲ့ မိုးနဲနဲစိုနေတဲ့ အကြွေလေးတွေကိုကြည့်ပြီး ၀မ်းနဲစွာခံစားမိတယ်…တချိန်တုန်းကတော့ ကျွန်တော့်ဘ၀ဟာ ဒီကောင်လေးလိုပါဘဲ…လူတွေအားလုံးရဲ့ အပြင်ဘက်မှာဘဲ ရပ်တည်ခဲ့ရတာ..လက်ဖက်ရည်ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့ပြီး ကောင်လေးက အပြင်ကိုငေးနေတယ်… မိုးကြောင့် သူအလုပ်ပျက်နေပြီထင်ရဲ့… တစ်ထောင်တန်တရွက်ကို လိပ်ပြီး သူ့ရဲ့ အိပ်လေးထဲကို ကျွန်တော် ကောင်လေး ငေးနေတုန်း ထည့်လိုက်တယ်..တခုခုတော့ အထောက်အပံ့ဖြစ်မှာဘဲထင်ပါတယ်… ခနနေတော့ကောင်လေးက တနေ့စာ ရောင်းခဲ့တဲ့ ပိုက်ဆံလေးတွေကို ရေတွက်နေတယ်… အားလုံးနီးပါးက အကြွေလေးတွေပါဘဲ.. . တထောင်တန်လေးကိုတွေ့တော့ ကောင်လေးမျက်စိတွေက ရုတ်တရက် ခပ်အမ်းအမ်းဖြစ်သွားတယ်… “ဦး ခနလေးနော်” လို့ ကျွန်တော့်ကိုပြောပြီး ကောင်လေး မိုးရွာထဲကိုပြေးထွက်သွားတယ်…သူ့အိပ်လေးတောင်ယူမသွားနိုင်လောက်အောင် ပါဘဲ….၁၅ မိနစ်လောက်ကြာမှ သူပြန်ရောက်လာတယ်…သူ့တကိုယ်လုံးမိုးတွေ ရွှဲနေပြီ…”ဘာဖြစ်တာလဲကွ ချာတိတ်ရ”.
ကျွန်တော်မေးတော့ စိတ်မကောင်းသံနဲ့ ကောင်လေးက တိုးတိုးဖြေတယ်..”အကိုတယောက်ဆီက ပိုက်ဆံ ပိုပါလာလို့တဲ့” ခုန က ကျွန်တော် ထည့်လိုက်တဲ့ ပိုက်ဆံလေးကို စားပွဲပေါ် သီးသန့်ချထားတယ်…. “ ပြေးရှာပေမဲ့ မတွေ့တော့ဘူးလေ ခုနက ကွမ်းယာဝယ်နေတာ ထွက်သွားပြီပြောတယ်၊ နောက်တော့ကြုံမှာပါ ကျွန်တော်မှတ်မိတယ်” တဲ့… ကောင်လေးရဲ့ ရိုးသားစိတ်က ကျွန်တော့်ကို တုန်လှုပ်စေပါတယ်…အတ္တတွေ ၊ မာနတွေ၊ ပြိုင်ဆိုင်မှုတွေ၊ လိမ်ညာမှုတွေ ဖောဖောသီသီ ပြည့်နှက်နေတဲ့ ဘ၀မှာ ဒီလို ရိုးသားမှုလေးတွေလည်း ရှိနေသေးပါလားတွေးမိတယ်…သူ့စိတ်က တကယ့်ကိုဖြူစင်လွန်းနေပါတယ်… “အေးကွ.. မင်းကို ဦး လက်ဆောင်ပေးစရာတခုရှိတယ်”.. သိပ်မကြာသေးခင်က ကျွန်တော့်မိတ်ဆွေတယောက် ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့ နိုင်ငံခြားဖြစ် ရွှေရောင် ဖောင်တိန်လေးကို ပေးတော့ ကောင်လေးက ငြင်းတယ်… “ ဦး ဖောင်တိန်က တန်ဖိုးအရမ်းကြီးမှာဘဲတဲ့ ကျွန်တော်မယူပါရစေနဲ့တဲ့”… “ ရပါတယ်ကွ.. ငါ့မှာ အများကြီးရှိပါသေးတယ်” လို့ပြောမှ ကောင်လေးဝမ်းသားအားရ ဖောင်တိန်လေးကို ကောက်ယူတယ်..
ကျေးဇူးတင်ပါတယ်လို့ သူမပြောပါဘူး.. ဒါပေမဲ့ ကျွန်တော် နားလည်လိုက်ပါတယ်.. သူ့မျက်လုံးမှာ ကျွန်တော့်ကို ကျေးဇူးတင်နေတဲ့အရိပ်တွေ အထင်သားမြင်နေတာဘဲ… မိုးစဲတော့ ကောင်လေးနဲ့ကျွန်တော်လမ်းခွဲဖို့ပြင်ကြတယ်.. လက်ဖက်ရည်ဖိုးရှင်းမယ်ပြင်တော့ “ကျွန်တော် ပေးပြီးသွားပြီဦး” လို့ ကောင်လေးက ပြောတယ်.. ဘယ်အချိန်ကရှင်းလိုက်မှန်းတောင် ကျွန်တော်မသိလိုက်ဘူး… ခုနက အပေါ့သွားမယ်ပြောပြီး သွားရှင်းခဲ့တာနေမှာ..တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး ကျွန်တော် ပျော်လာသလိုခံစားရတယ်…မိုးရွာပြီးခါစ မြေသင်းနံ့ က စိတ်ကိုလန်းဆန်းဖွယ်ရာပါဘဲ… အပြန်လမ်းမှာ အဖရိက ကောင်လေးရဲ့ အရိပ်တွေက ကျွန်တော်နဲ့အတူပါလာတယ်…
No comments:
Post a Comment