Thursday, October 13, 2011

ကျွန်တော်နဲ့နွေဦးပေါက်ငှက်ငယ်

နွေဦးပေါက်ဟာ ပူစပ်ပူလောင်နဲ့ ပျင်းစရာကောင်းလှတယ်လို့ အဘွားက ခန ခနပြောပါတယ်။ ကျွန်တော်တို့ကလေးတွေက အဘွားရှေ့မှာဘာမှမပြောပေမဲ့ နောက်ကွယ်မှာတော့ အဘွားကိုလှောင်ကြတယ်၊ ဟုတ်တယ်လေ.. နွေးဦးကာလရဲ့ လွပ်လပ်ပျော်ရွှင်မှုမျိုးကို ကျွန်တော်တို့စောင့်နေရတာ နှစ်နဲ့ချီတော့မှာဘဲ.. ကျောင်းသားဘ၀ရဲ့ငြီးငွေ့ဖွယ်ဘ၀ကို ဒီအချိန်လေးနဲ့ဘဲနှစ်သိမ့်နေရတာ။ အမေရဲ့ “ဟဲ့ကောင်လေး ထတော့ နေကဖင်ထိုးနေပြီ” ဆိုတဲ့အသံကိုလည်း မကြားရတော့ဘူး..
နံက်တိုင်းကြားနေကြ ခြုံလျှောက်ငှက်ကလေးရဲ့ တတစ်တစ်မြည်သံကို ဒီမနက်မှ ဘာလို့ပေါ်မလာတာလဲတွေးမိတယ်။ မနေ့က အကိုဆင်ပေးထားတဲ့လေးခွလေးက ကျွန်တော့ဘေးမှာ အသင့်နေရာယူနေတယ်.. ဆွဲကြည့်တော့ နဲနဲသန်နေသလိုဘဲ.. တစ်ပတ်လောက်နေရင်တော့ အတော်ဖြစ်သွားမှာဘဲထင်တယ်..အဘွားက သူ့ဘူးစင်ကိုရေလောင်းနေတယ်.. အညွန့်တွေတလူလူနဲ့ ဗူးစင်က အဘွားကိုပီတိပြုံးတွေပေးနေတာလို့ အမေကပြောဖူးပါတယ်.. ဘာလဲတော့ကျွန်တော်မသိဘူး။ ခါးကိုင်းနေတဲ့အဘွားကိုကြည့်ရတာ တခါတလေကျွန်တော်စိတ်ပျက်တယ်၊ ပြီးတော့သူနဲ့လမ်းလျှောက်ရင်လည်း စိတ်မရှည်ဘူး။ ဒါပေမဲ့အဘွားက သူမြေးတွေမသိအောင် ကျွန်တော့်ကို ပိုက်ဆံတိတ်တိတ်ကလေး ပေးတတ်တာတော့ချစ်စရာလေးပါ… အကိုကအဘွားကိုနင်းမပေးချင်ဘူးလေ.. သူက အားရင် သူ့ခေါင်းကိုဘဲမှန်တကြည့်ကြည့်နဲ့ “သ” နေတတ်တာ.. သူကလူပျိုပေါက်ဖြစ်နေပြီတဲ့.. ကျွန်တော်တို့လို လေးခွလဲ မကိုင်တော့ဘူး..

“ကျောင်းပိတ်လိုက်တာနဲ့သိသာလိုက်တာနော် ရွာထဲမှာကလေးတွေအသံချည်းဘဲကြားနေရတာ”. ဘေးနားအိမ်က ဒေါ်ဘုမက စိတ်ညစ်သလိုပြောတယ်။ကလေးတွေကိုဆိုရင် အမြဲမြည်တွန်တောက်တီးတတ်တဲ့ သူ့ကို ကျွန်တော်တို့တတွေ လေးခွကိုယ်စီနဲ့ ညတညမှာချောင်းပစ်ခဲ့ဖူးတယ်။ တော်တော်နားသွားပုံဘဲဗျ.. အမလေးအော်ပြီး သူကြီး ကိုပြေးတိုင်တော့တာဘဲ.. ကျွန်တော်တို့လည်း ခပ်တည်တည်နဲ့ လူစုခွဲပြီး ကိုယ့်အိမ်ကို ပြန်နေလိုက်တယ်..
ရယ်စရာဘဲနော်.. လက်သည်မပေါ်လိုက်ဘူးဗျ ဘယ်သူပစ်တယ်ဆိုတာ၊ သူကလည်း သူ့ကိုလေးခွနဲ့ပစ်တာ ကလေးတွေလို့မထင်လိုက်ဘူးလေ။ ဒါပေမဲ့ အဖေကသိတယ်။ ကျွန်တော့်ကို အိမ်ပေါ်ခေါ်ပြီးအသာကပ်မေးတော့တာဘဲ။ အတိအကျ သိထာတဲ့ပုံစံဆိုတော့ ခေါင်းညိတ်ရတယ်၊ ကျွန်တော်တော့ အတီးခံရတော့မယ်ထင်ထားခဲ့တာ။ နောက်မလုပ်တော့နဲ့နော်ဆိုတာဘဲ ပြောတယ်..ကျွန်တော်ကသာကြောက်နေမိတာပါ.. အဖေက သူ့သားတွေကို တခါမှ မရိုက်တာ ရွာထဲကလူတိုင်းသိတယ်၊ အဖေ့ကိုကျွန်တော်ချစ်ပါတယ်. ဒါပေမဲ့ လေးခွကိုင်တာမကြိုက်တဲ့အဖေ့ကိုမုန်းချင်တယ်..

ဗူးစင်ပေါ်မှာတလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတဲ့စာဝတီးငှက်ကလေးကိုကျွန်တော်ချောင်းနေတာကြာပြီ… ကောက်ရိုးတွေခေါက်ပြန်သယ်ပြီး သိုက်မြုံဆောက်နေကြတာ..လေးခွကိုင်ထားတဲ့ကျွန်တော့်လက်တွေက ပစ်ချင်တာယားနေပြီ.. ဘာဆက်ဖြစ်မလဲဆိုတာလည်း ကြည့်နေချင်သေးတယ်.. မမောနိုင်မပန်းနိုင် အသိုက်ဆောက်နေတဲ့ ငှက်မောင်နံကိုချောင်းကြည့်နေတာဘယ်လောက်ကြာသွားလဲမသိဘူး.. အမေထမင်းစားလာခေါ်မှ သတိယတယ်။ထမင်းဝိုင်းမှာ အဖေက မထင်မှတ်တဲ့စကားပြောတယ်.. “ငါ့သား ငှက်ကလေးတွေကိုသွားမပစ်နဲ့နော် သူတို့လည်း သူတို့သား သမီးတွေအတွက်အိမ်ဆောက်နေကြတာ “..
ကျွန်တော်လုပ်သမျှ အရာအားလုံးကို အဖေကကြိုသိနေပါလားတွေးမိတယ်။ ညနေခင်းမှာ ဗူးစင်ဘေး ခုံတန်းလေးတခုချပြီး အိမ်သားတွေ စကားဝိုင်းကောင်းနေကြတယ်။ မှတ်မှတ်ရရ အဖေက သနားစရာငှက်ကလေးတွေအကြောင်းပုံပြင်တပုဒ်ကျွန်တော့်ကိုပြောပြတယ်။ အိမ်ဘေးနားက သူငယ်ချင်း ပွရီးနဲ့ ရတနာလည်းပါတယ်။ ပုံပြင်လေးကသနားစရာပါ။ သနားစရာလေးနော်လို့ ရတနာက ခနခနပြောတယ်။ ပွရီးကလည်း ဟုတ်တယ်လို့ပြောတယ်။ ပြန်ခါနီးကျတော့ရတနာက ဆရာကြီးစတိုင်လ်နဲ့ နင် ငှက်ကလေးတွေကို လေးခွနဲ့မပစ်သင့်တော့ဘူး လို့ပြောတယ်.. ကျွန်တော်က နဘန်ကျင်းမယ်ပြင်မှ လျှာထုပ်ပြပြီးအိမ်ထဲပြေးဝင်းသွားလေရဲ့..

နောက်မနက်မှာ မနက်အစောကြီးကထဲက ကျွန်တော်ဘူးစင်အောက်ကိုရောက်နေတယ်.. အသိုက်ကလေးက အတော်ပြီးနေပြီ.. ခနနေတော့ ပွရီးနဲ့ရတနာရောက်လာတယ်… တိတ်တိတ်နေကြနော်လို့ လက်ဟန်နဲ့ပြောမှ သူတို့သဘောပေါက်တယ်.. ကျွန်တော်တို့သုံးယောက် အလုပ်ရှုပ်နေတဲ့ ငှက်ကလေးနှစ်ကောင်ကို တမနက်ခင်းလုံးချောင်းကြည့်နေကြတယ်…လေးခွပါလားလို့ ပွရီးကမေးတော့ခေါင်းရမ်းပြမိတယ်။ တိုးတိုးပြောရင်းနဲ့အသံကကျယ်လာတယ်။ အဖေက ဖျာတချပ် လာခင်းပေးတယ်.. သုံးယောက်သား သိုက်အိမ်ဆောက်နေတဲ့ ငှက်နှစ်ကောင်ကို ဖျာပေါ်မှာ ပက်လက်လှန်ရင်း ကြည့်နေမိတယ်.. ထမင်းစားချိန်မှာ ကိုယ့်အိမ်ကိုပြန်ကြတယ်။ ပြီးတော့ပြန်ဆုံကြတယ်။ ငှက်ကလေးတွေက ကျွန်တော်တို့ကလေးတွေကို ခုအချိန်မှာ ကြောက်ရမှန်းမသိတော့ဘူး…

အဘွားက သူ့ဘူးစင်အောက်က ကလေးသုံးယောက်ကိုဘာမှမပြောဘူး.. ဘာမှလည်း မမေးဘူး.. သူ့ဘူးစင်ရိပ်မှာ ဆိုတော့ သူလည်းကျေနပ်နေပုံပါဘဲ..အခုတော့ ငှက်မက အသိုက်ထဲမှာဘဲအနေများတယ်.. ငှက်ဖိုက သလေးနှံတွေချီလာပြီး အသိုက်ထဲထိုးပေးတာမြင်ရတယ်.. ညနေခင်းမှာ အဲဒီအကြောင်းကို အဖေ့ကိုပြောမိတယ်။ သိပ်မကြာခင်မှာ ငှက်ငယ်ကလေးတွေပေါက်တော့မယ်လို့အဖေကပြောတော့ကျွန်တော်တို့ကလေးတွေးခုံပေါက်ပျော်မြူးကြတယ်…
တိတ်ဆိတ်တဲ့နံက်ခင်းကို ကျယ်လောင်တဲ့ငိုက်ရှိုက်သံနဲ့မိတ်ဆက်လိုက်ပြီထင်တယ်…
“ကိုတရုပ်ကြီးဆုံးသွားပြီတဲ့”.. မိန်းမနဲ့သမီးတွေရဲ့ငိုသံက ကမ္ဘာပျက်သံအလား ၀မ်းနဲဖို့ကောင်းလွန်းပါတယ်..
‘အငယ်ဆုံးကလေးမှ နို့မပြတ်သေးဘူး’ လို့ အမေက စိတ်မကောင်းသံနဲ့ပြောတယ်။ ‘ သား အိမ ကိုအနိုင်မကျင့်ရဘူးနော်’ လို့အမေကမှာနေလို့ခေါင်းညိတ်ရတယ်.. အိမ ဆိုက ကျွန်တော်နဲ့တတန်းထဲ ကိုတရုပ်ကြီးရဲ့သမီး.. ဒီအရွယ်ကြီးရောက်နေပြီတောင် သူ့အဖေပုခုံးပေါ်က မဆင်းလို့ ကျွန်တော်တို့ကလေးတွေက သိပ်မတည့်ကြဖူး.. .
အသုဘ ဓါတ်စက်ဖွင့်သံကိုကျွန်တော်မကြိုက်ပါဘူး.. စိတ်ထဲမှာငိုချင်တယ်.. ကြေးစည်သံကလည်း ချောက်ချားစေသလိုဘဲ.. ရွာထဲမှာကလေးတွေအရင်လိုဆူညံမနေကြတော့ဘူး.. . ကလေးတွေရဲ့ပျော်ရွှင်ဆူညံသံတွေကို သဘောကျတဲ့အဖေက နေရတာတမျိုးကြီးဘဲလို့ပြောတယ်…သုံးရက်မြောက်မှာအလောင်းကို သင်းချိုင်းသွားပို့ကြတယ်…ငိုကြီးချက်မနဲ့ အလောင်းကိုလိုက်ဆွဲနေတဲ့ ကိုတရုပ်ကြီးမိန်းမကို သူ့ဆွေမျိုးတွေကဆွဲထားရတယ်.. “ တော့် သား၊သမီးတွေကို ဘယ်သူကစောက်ရှောက်တော့မှာလဲတဲ့”..
အမေကကျွန်တော့်ကိုမလိုက်ခဲ့စေချင်ဘူး.. အဘွားနဲ့နေခဲ့တဲ့.. ဒါပေမဲ့ကျွန်တော် လူသေတွေကိုဘာလုပ်ကြမလဲ လိုက်ကြည့်ချင်နေတယ်။ ရုတ်တရက် အဖေကကျွန်တော့်ကို ကောက်ချီလိုက်တော့ အမေကဘာမှမပြောတော့ဘူး… တရွာလုံးနီးပါးလူတွေကြောင့်သင်းချိုင်းဟာ ဖုတ်အလူးလူးထနေတယ်… ငို ငြီးသံလောက ကနေ ဝေးအောင် အခြားကို အဖေနဲ့ထွက်ပြေးချင်ပါတယ်..ဆံပင်ဖားလျားချထားတဲ့မိန်းမကြီးတွေကိုကျွန်တော်မကြည့်ချင်ဘူး။
ခနနေရင် အလောင်းကိုမီးရှို့တော့မှာ… အားလုံးကစောင့်ကြည့်နေကြတယ်.. စိုက်ကြည့်နေတဲ့ကျွန်တော့်မျက်လုံးကို အဖေက သူ့လက်နဲ့လာကွယ်တဲ့.. “သားရယ် ပြန်ကြရအောင်တဲ့ “…
ညနေခင်းမှာ အဖေက ငှက်တွေအကြောင်းပုံပြင်တပုဒ် ထပ်ပြောပါတယ်.. . မိခင်ငှက်မကြီးသေပြီး သားသမီးတွေလည်း အစာငတ်ရေငတ် နဲ့ သေကြရတဲ့ ၀မ်းနဲစရာပုံပြင်ပါ…ရတနာကတရှုပ်ရှုပ်ငိုပါတယ်..
ပွရီးလည်း မကြာခင်ငိုတော့မယ်ထင်တယ်.. ကျွန်တော့်ပါးပြင်မှာစီးကျနေတဲ့ မျက်ရည်ကို အဖေက သူ့လက်နဲ့သုတ်ပေးတယ်….

နံက်ခင်းမှာ ငှက်ပေါက်ကလေးတွေရဲ့ ဆာလောင်နေတဲ့ ဆူညံသံနဲ့အတူကျွန်တော်နိုးထလာပါတယ်..ဘေးနားကလေးခွလေးကိုကြောက်ရွံ့စွာကျွန်တော် အကြာကြီး ငေးကြည့်နေမိတယ်… ဆုံးဖြတ်ချက်တခုကိုအောင်မြင်စွာချအပြီးမှာတော့ကျွန်တော့်စိတ်တွေကကြည်လင်ပေါ့ပါးလို့နေပါတယ်..

အစိတ်စိတ် ဓါးနဲ့ခုတ်ပိုင်းခံထားရတဲ့ လေးခွလေးကို အဖေကအပြုံးနဲ့ကြည့်တယ်.. ပြီးတော့ကျွန်တော့်ခေါင်းကိုအသာပွတ်ပြီး.. သားက လိမ်မာလာပြီတဲ့.. . ကျွန်တော်ဘယ်တော့မှ့ငှက်ကလေးတွေကို လေးခွနဲ့မပစ်တော့ဘူးလို့ အဖေ့ကို ထပ်ခါထပ်ခါပြောမိတယ်…
ဘူးစင်အောက်မှာ ဟိုနှစ်ယောက်ရောက်နေပြီ…. ရတနာက သလေးနှံအချို့ကျွန်တော့်ကိုပေးတယ်.. အကောင်လေးတွေပေါက်နေပြီ၊ဆာနေရော့မယ် အမြန်ကျွေးလိုက်တဲ့.. ပွရီးက သူခိုးစားနေကြ မြေပဲတောင့်တွေယူလာတယ်.. ဒုတ်တချောင်းနဲ့သလေးနှံတွေကိုချိတ်ပြီး အသိုက်ရှေ့မှာ ပို့ပေးကြတယ်..
ပြီးတော့ စိတ်ဝင်တစားနဲ့ ဖျာပေါ်မှာ ပက်လက်လှန်ရင်း ကြည်နူးစွားငေးကြည့်နေမိတော့တယ်..
သိပ်မကြာခင်မှာ ငှက်ကလေးတွေရဲ့ဆာလောင်အော်ဟစ်သံလေးတွေတိတ်သွားတော့ ကလေးသုံးယောက် တယောက်ကိုတယောက် ကြည့်ကြတယ်..အဖေကကျွန်တော်တို့ကိုကြည့်ပြီးပြုံးနေပါတယ်..လေအဝှေ့မှာ ဗူးညွန့်ကလေးတွေ လှုပ်နေကြတယ်.ညောင်ကျပ်ပင်ပေါ်က ချိုးမောင်နှံရဲ့ မြူးကူသံကိုလည်း ကြားရတယ်..

ဟီရိုရှီးမားအိပ်မက်ဆိုးရဲ့နိဒါန်း

ဟီရိုရှီးမားအိပ်မက်ဆိုးရဲ့နိဒါန်း

ဆောင်းဦးပေါက်ရဲ့ နံက်ခင်းတခုမှာ အိုင်းစတိုင်းတစ်ယောက် လေအနော့မှာ မြင့်ပင်ယံကနေ တဖွဲဖွဲဆင်းသက်နေကြတဲ့ ရော်ရွက်ဝါလေးတွေကို အိမ်ရှေ့ ၀က်သချပင်အောက်က ခွေးချေပုလေးပေါ်မှာထိုင်ရင်း ဆွေးဆွေးမြေ့မြေ့ ငေးကြည့်နေမိပါတယ်…
“ ဂလီး.. ဂလစ်.. ဂလစ်…လထစ်”
ငှက်ဆိုးတကာင်းရဲ့ ခပ်ရင့်ရင့် အော်လိုက်တဲ့အသံပါ။ ဒါဟာ ဒုတိယကမ္ဘာစစ်ရဲ့ကြေကွဲဖွယ် နမိတ်ဆိုးဆိုတာ နတ်ဘုရားတွေမှဘဲသိမယ်ထင်ပါတယ်..
ဇနီးသည် မဒမ် အိုင်းစတိုင်းတယောက် နောက်ဖေးမီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေပါတယ်..သူက ခင်မွန်းသည် ဖြစ်ချင်တာတွေကိုဘဲကြည့်နေတတ်တဲ့ ဇနီးကောင်းတယောက်ပါ..
သိပ်မကြာခင်မှာ လ္ဘက်သုပ်တစ်ပန်းကန်နဲ့ ရေနွေးဓါတ်ဗူးတလုံး ဗန်းလေးထဲမှာထည့်ပြီး ခင်ပွန်းသည် အိုင်းစတိုင်းရှေ့က စားပွဲမှာလာချပါတယ်.. လေမှာလွင့်ဝဲနေတဲ့ မဒမ်ရဲ့ပတုန်းရောင်ဆံပင်တွေကိုကြည့်ပြီး အိုင်းစတိုင်းတယောက် လွန်ခဲ့တဲ့ခြောက်နှစ်လောက်က သမီးရီးစားဘ၀ကို တွေးကောင်းတွေးနေမိမယ်ထင်ပါရဲ့။ ပန်းကန်လေးကို စားပွဲပေါ်ချပြီးပြန်အထွက်မှာ မဒမ်တယောက် နောင်ဆယ်စုနှစ်ကျော်ကျော်လောက်မှာ ဖြစ်ပေါ်လာမယ့် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးရဲ့ နိဒါန်းကိုစတင်လိုက်ပါပြီ..
သူ…မဒမ်တစ်ယောက် .. အိုင်းစတိုင်း နှာဝနီးနီးမှာ လေလည် လိုက်တာပါ…
အနံ့က သိပ်ဆိုးလွန်းပါတယ်၊ ပါရမီရှင်အိုင်းစတိုင်းတောင် သည်းမခံနိုင်လောက်အောင်ဖြစ်ရတယ်လို့ဆိုပါတယ်.. ဒါပေမဲ့ အိုင်းစတိုင်းက အမြင်ကျယ်ပါတယ်…. သူ့ဒေါသကို အချိန်မှီ ပြန်ထိမ်းနိုင်ခဲ့ပါယ်..ဒါဟာ ဂျင်းတဲလ်မင်းတယောက်ရဲ့ ခပ်ပါးပါး လုပ်ရပ်လေးတခုပါဘဲ... ၀မ်းနဲစရာကောင်းတာက ဒီဖြစ်ရပ်ဟာ အိုင်းစတိုင်းရဲ့ နှလုံးအိမ်မှာ ထုတ်လို့မရအောင်ကို စွဲသွားခဲ့ပါတယ်… သူဟာ အန့်ခမန်းစွမ်းအား ဒုက္ခပေးနိုင်တဲ့ “အီး” အကြောင်းကို အဲဒီအချိန်ကစလို့ လေ့လာ ပါတော့တယ်… ရက်တွေကို လက၀ါးမြိုသွားတယ်… အိုင်းစတိုင်းတယောက် ဓါတ်ခွဲခန်းထဲမှာပါ… ရာသီတွေလည်း ချာလပတ်ရမ်းခဲ့ပြီ.. သူကတော့ အလုပ်ရှုပ်နေဆဲဘဲ..
နွေရဲ့တနေ့..
မိုးရဲ့တနေ့…
ဆောင်းရဲ့တနေ့… အခုတော့သူ့ဘ၀ဟာ သူ့ဓါတ်ခွဲခန်းလိုဖြစ်နေပါပြီ..
မဒမ်က ခင်ပွန်းသည် အိုင်းစတိုင်းကို နားမလည်နိုင်တော့ဘူး… သူမ အထီးကျန်လာသလိုခံစားရတယ်၊
ညက အိုင်းစတိုင်းတယောက်သူမနဲ့လာမအိပ်ဖူး။ ဒါတွေကသူမအဖို့ရိုးနေပါပြီ…. မောနင်းငှက်ကလေးတွေတေးသီနေတဲ့နံက်ခင်းတခုမှာ မဒမ်အိုင်းစတိုင်းတယောက် ချိနဲ့တဲ့ခြေလှမ်းတွေနဲ့ အိုင်းစတိုင်းရဲ့ ဓါတ်ခွဲခန်းဆီကိုလာခဲ့ပါတယ်…အရင်ကလို အိုင်းစတိုင်းတယောက် သူ့ ဓါတ်ခွဲခန်းစားပွဲပေါ်မှာဘဲ ခေါင်းငိုက်စိုက်ချ အိပ်ပျော်နေမှာဘဲဆိုတာသူသိပြီးသားပါ… သူ့အတွေးဟာလွဲချော်ခဲ့ပါတယ်.. သူဓါတ်ခွဲခန်းတံခါးကိုဆွဲအဖွင့်မှာ အိုင်းစတိုင်းက သူတွက်နေကျ ဘလက်ဘုတ်မှာ တခုခုရေးနေတာတွေ့လိုက်တယ်.. လက်တွေကတုန်နေပါတယ်.. မြေဖြူကိုလွတ်မကျအောင် အနိုင်နိုင် ကိုင်ထားရပုံဘဲ… ပင့်သက်တချက်ရှိုက်ပြီး အိုင်းစတိုင်း ခေါင်းရမ်းတယ်… ထပ်ပြီးရမ်းပါတယ်..
တတိယအကြိမ်ရှိနေပြီ… မဒမ်တယောက် အိုင်းစတိုင်းကိုကြည့်ပြီး ကြေကွဲစပြုနေပြီ.. နောက်ဆုံးတော့ အိုင်းစတိုင်းဟာ ဘလက်ဘုတ်မှာ အီကွေးရှင်းတခုကို ခက်ခက်ခဲခဲရေးချလိုက်ပါတယ်…ရေးပြီးပြီးချင်း အိုင်းစတိုင်းဟာ အရုပ်ကြိုးပြတ်သလို လဲကျသွားပါတယ်.. မဒမ်က အိုင်းစတိုင်းကိုပြေးပွေ့တယ်.. အိုင်းစတိုင်းတယောက် လက်ရှိလောကကနေ တဒင်ဂ ထွက်သွားခဲ့ပြီ..ကျူးမီးငါးလို့ မဒမ်မအော်ပါဘူး..
ဒါပေမဲ့ သူအဆုံးစွန်ထိကြေကွဲနေရတယ်ဆိုတာ သူမျက်ရည်တွေက သက်သေပါ… သူ မရှိုက်ပါဘူး.. ဒါပေမဲ့ အတိုင်းမဲ့စီးကျလာတဲ့နှပ်တွေက ၀မ်းနဲမှုရဲ့သင်ကေတတွေပါ… မဒမ်ရဲ့မျက်လုံးဟာ မျက်ရည်တွေနဲ့ ဝေ့၀ါးနေပါပြီ… ဘလက်ဘုတ်က စားသားတွေကိုတော့ သူသဲကွဲစွာမြင်နေရပါသေးတယ်..
“အီးအီကွဲတူ အမ်စီစကွဲယား” တဲ့….
ဒါဟာ ဒုတိယကမ္ဘာစစ် ကြေကွဲဖွယ်အရိပ်ဆိုးရဲ့ နိမိတ် ၊ ဒုတိယ နိဒါန်းတခုဘဲပေါ့..
(နိဂုံး။ ။ ဘယ်သူမှမသိလိုက်တဲ့ဖြစ်ရပ်တခုက မဒမ်အိုင်းစတိုင်းဟာ ခင်ပွန်သည်ကိုတွဲခေါ်ပြီး အပြင်ကိုအထွက်မှာ ဖြစ်ပေါ်လာခဲ့ပါသေးတယ်…လေတချက် လည်လိုက်တာပါ။ ဒါကိုအိုင်းစတိုင်းမသိလိုက်ပါဘူး.. ကျွန်တော် ကတော့ အိုင်းစတိုင်း မသိလိုက်၊ မသိလိုက်နိုင်တာကိုဘဲ ကောင်းတယ်လို့ထင်မိပါတယ်.)
မှတ်ချက်။ ။ သင့်ရဲ့ထင်မြင်ချက်ကိုလည်း ကျွန်ုပ်ဆီကိုလွပ်လပ်စွာ မေးလ်မှတဆင့်ပေးပို့စေချင်ပါတယ်။